ဘီးလင်း၊ ဧပြီ ၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေရွာနဲ့ အနီးပတ်ဝန်းကျင်နေရာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ နေ့လည်ပိုင်း လေးကေရွာကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး အော်လီဂန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်တွေ ထပ်မံပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ် စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၄ ရက်နေ့အထိ ဘီးလင်းမြို့နယ်ရဲ့ လေးကေနဲ့ ဝင်းတာပန်ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်၊ ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ထားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုအတွင်း လေးကေကျေးရွာက နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးထားသလို လေးကေကျေးရွာဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ထိမှန်ပျက်စီးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အုပ်ချုပ်နယ်မြေဖြစ်တဲ့ လေးကေနဲ့ ဝင်းတာပန်ကျေးရွာတို့မှာ စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲမှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်

