မကွေး ဧပြီ ၈

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဧပြီ ၈ ရက် မနက် ၆ နာရီဝန်းကျင်က စကုဘက်ကနေ လာတဲ့ ၁၂ ဘီး ကားကြီး ၅ စီးနဲ့ ပွင့်ဖြူမြို့နယ်ကို စစ်ကြောင်းထိုးလာတာပါ။

“လတ်တလောမှာတော့ အင်အား သုံးရာလောက်နဲ့ ကျောင်းကုန်းကြီးရွာဘက်ကနေ စစ်ကြောင်းထိုးလာတယ်။ ဒေသခံတွေကတော့ အကုန်ရှောင်ထားရတာပေါ့။ လက်နက်ကြီးငယ်သံတွေတော့ ကြားနေရတယ်။” လို့ ပွင့်ဖြူ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် စစ်ကြောင်းကြောင့် ရေပုတ်ကလေး၊ ရေပုတ်ကြီး၊ မုန်းဇလဲ၊ ညောင်ပင်ဇောက်၊ ပေတောကျောင်းကုန်း၊ ကနီ၊ မဒဲ၊ အင်းကုန်း၊ ထူးပေါက်၊ ထိန်အိုင် စတဲ့ ကျေးရွာတွေက ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ပွင့်ဖြူမြို့နယ်ကို အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတာဟာ ၂၀၂၆ ခုနှစ်အတွင်း ပထမအကြိမ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက အင်အားသုံး စစ်ကြောင်းဝင်ရောက်မှုမှာတော့ ဒေသခံ ၉ ဦးကို လမ်းပြခေါ်ဆောင်ပြီးသတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်ကော်မရှင်က မကွေးတိုင်းက ပေါက်၊ မြိုင်၊ သရက်၊ကံမ၊ မင်းလှ၊ နတ်မောက်၊ ပွင့်ဖြူ၊ စလင်း၊ ချောက်၊ စကု၊ ငဖဲ စတဲ့ မြို့နယ်တွေမှာ အင်အား ၃၀၀၀ ဝန်းကျင်အသုံးပြုပြီး စစ်ကြောင်းထိုးနေတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.