‎ဒူဘိုင်း၊ ဝါရှင်တန်၊ ဧပြီ ၈

‎အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်မယ်တိုရင် ဟောမု့ဇ် ရေလက်ကြားကို သီတင်းနှစ်ပတ်ကြာ ဖွင့်ပေးမှာ ဖြစ်ပြီး အဲဒီအချိန်အတွင်း ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်း အီရန်က ဧပြီ ၈ ရက်မှ ပြောပါတယ်။

‎စစ်ပွဲ အဆုံးသတ်နိုင်ရေး ပါကစ္စတန်က ကြားဝင်ညှိနိုင်းပေးနေပြီး အမေရိကန်နဲ့ အီရန် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အလားအလာရှိနေပါတယ်။

‎ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန်ရဲ့ အခြေခံ အဆောက်အဦတွေနဲ့ ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

‎ကမ္ဘာကြီး အတွက်လိုအပ်တဲ့ လောင်စာ အဓိက ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားတာကြောင့် အဲဒီ လမ်းကြောင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး အမေရိကန်အပေါ်မှာလည်း ဖိအားတွေ များနေပါတယ်။

‎နောက်ဆုံးသတ်မှတ်ချိန် မတိုင်ခင် နှစ်နာရီအလိုမှာ အီရန်နဲ့ သီတင်း နှစ်ပတ်ကြာ တိုက်ခိုက်မှု ရပ်တန့်ဖို့ သဘောတူထားတယ်လို့ ထရန့်က ပြောပါတယ်။

‎သီတင်းနှစ်ပတ်အတွင်း ဟောမု့ဇ် ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းရေး အီရန် စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ဖြစ်နိုင်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

‎အီရန် ထိပ်တန်း အမျိုးသား လုံခြုံရေး ကောင်စီက သီတင်း နှစ်ပတ်အတွင်း ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး နှစ်ဖက် သဘောတူညီမှုနဲ့ အတူ ဆွေးနွေးမယ့် အချိန်ကို တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

‎အီရန် နိုင်ငံပိုင် သတင်းဌာနကတော့ ထရန့်ဟာ စစ်ပွဲ အဆုံးသတ်ရေး အီရန်ရဲ့ သတ်မှတ်ချက်တွေကို သဘောတူညီလိုက်ပြီး အမေရိကန်က အရှက်တကွဲ နောက်ဆုတ်သွားတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

‎ထရန့်က သူ့ရဲ့ တောင်ဆိုချက်တွေ မရဘူးဆိုရင် အီရန် အရပ်သားတွေ အားလုံး သေကြေပျက်စီးရမှာ ဖြစ်တယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

‎ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ငါးပုံ တစ်ပုံ ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အီရန်က သဘောတူလိုက်တာဟာ ပါကစ္စတန်ရဲ့ ကြားဝင် ညှိနှိုင်းမှု ကြောင့်ဖြစ်ပါတယ်။

‎ထရန့်က မိမိတို့ရဲ့ စစ်ရေး ဦးတည်ချက်တွေ ပြည့်မြောက်ပြီ ဖြစ်တာကြောင့် အီရန်က အခုလို သဘောတူညီတာ ဖြစ်တယ်လို့ သူ့ရဲ့ လူမှုမီဒီယာ အကောင့်မှာ ရေးပါတယ်။

‎နှစ်ပတ် အပစ်အခတ်ရပ်စဲထားချိန်အတွင်း ညှိနှိုင်းဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကြားဝင်ညှိနိုင်း ပေးနေတဲ့ ပါကစ္စတန်က ပြောပါတယ်။

‎နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲထားချိန် အတွင်း စစ်ပွဲ အဆုံးသတ်ရေး အချက် ၁၀ ချက်ပါ အဆိုပြုချက်ကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ထရန့်က ပြောကြားပြီး နှစ်နိုင်ငံကြား အခြေအနေ တိုးတက်မှု ရှိတယ်လို့ ဆိုပါတယ်။

‎ပါကစ္စတန်ကတဆင့် ဆွေးနွေးမှုနဲ့အတူ အမေရိကန်၊ အီရန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ အားလုံးက ချက်ချင်း အပစ်ရပ်ဖို့ သဘောတူညီထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။

‎ပါကစ္စတန်က အမေရိကန်နဲ့ အီရန် ခေါင်းဆောင်တွေကို အစ္စလာမ်မာဘက် မြို့သို့ လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

‎အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီးနောက်ပိုင်း ကမ္ဘာ့လောင်စာဈေးနှုန်း အဆမတန် မြင့်တက်လာပြီး အချို့နိုင်ငံတွေမှာ လောင်စာဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။

‎Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.