နန်ကျင်း၊ ဧပြီ ၈

ထိုင်ဝမ် အတိုက်အခံ ခေါင်းဆောင် ချန်လီဝမ်က သူ့ရဲ့ ပါတီ တည်ထောင်သူ ဆွန်ယက်ဆန်ရဲ့ အုတ်ဂူမှာ တရုတ်နဲ့ ရင်ကြားစေ့မှာ ဖြစ်ကြောင်း ဧပြီ ၈ ရက်က ကတိပြု ပြောဆိုလိုက်ပါတယ်။

ကွန်မြူနစ် တော်လှန်ရေးပြီးနောက် နိုင်ငံရဲ့ အောင်မြင်မှုတွေအတွက် သူ့ရဲ့ အုတ်ဂူမှာ ချီးကျူး ဂုဏ်ပြုပြီးနောက် ဆွန်ယက်ဆန်ရဲ့ စိတ်သဘောထားကို ဖော်ဆောင်မှာ ဖြစ်ကြောင်း ချန်လီဝမ်က ပြောပါတယ်။

ထိုင်ဝမ်ရဲ့ အကြီးမားဆုံး အတိုက်အခံ ပါတီ ကူမင်တန် KMT ရဲ့အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်သူ ချန်လီဝမ်ဟာ ထိုင်ဝမ်အပေါ် တရုတ်က စစ်ရေးအရ ဖိအားတွေ ပိုပေးနေချိန်မှ တရုတ် နိုင်ငံသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဘေဂျင်းက သူတို့ ကိုယ်ပိုင်ဒေသအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်မှာ အတိုက်အခံတွေ ကြီးစိုးထားတဲ့ လွှတ်တော်က ကန်ဒေါ်လာ ၄၀ ဘီလီယံ ရှိ ကာကွယ်ရေး အသုံးစရိတ် အဆိုကို တားစီးထားပါတယ်။

၁၉၄၉ ခုနှစ်မှာ ကူမင်တန်ပါတီ ဦးဆောင်တဲ့ တရုတ်အစိုးရ ထိုင်ဝမ်သို့ ထွက်မပြေးခင် မြို့တော် ဖြစ်ခဲ့တဲ့ နန်ကျင်းရှိ ဆွန်ယက်ဆန်ရဲ့ အုတ်ဂူမှာ လွမ်းသူ့ ပန်းခွေ ချထားခဲ့ပါတယ်။

ကူမင်တန်တွေဟာ မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တွေနဲ့ ဖြစ်ပွားတဲ့ ပြည်တွင်းစစ် အတွင်း စစ်ရှုံးပြီးနောက် ထိုင်ဝမ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။

ဆွန်ယက်ဆန် အိုင်ဒီယာရဲ့ အဓိက တန်ဖိုးထားမှုတွေမှာ ကောင်းကင်ဘုံအောက် အားလုံး အတူတူပဲ ဆိုတာက တန်းတူညီမျှမှု၊ အားလုံး ပါဝင်မှုနဲ့ စည်းလုံးမှုကို ဖော်ညွှန်းတာ ဖြစ်ကြောင်း ချန်လီဝမ်က ပြောပါတယ်။

မိမိတို့အနေနဲ့ ရေလက်ကြား ဖြတ်ကျော် ရင်ကြားစေ့ရေး စည်းလုံး ညီညွတ်ရေးအတွက် လက်တွဲ ဆောင်ရွက်သင့်ပြီး ဒေသဆိုင်ရာ သာယာဝပြောရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသင့်တယ်လို့ ချန်လီဝမ်က ဆိုပါတယ်။

နောက်ဆုံး ဘုရင်စနစ်ကို ဖြုတ်ချပြီး တရုတ် ပြည်ထောင်စု တည်ထောင်ခဲ့သူ ဆွန်ယက်ဆန်ဟာ ၁၉၂၅ ခုနှစ်မှာ ကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

သူ့ကို တရုတ်ပြည်ထောင်စု တည်ထောင်သူအဖြစ် ထိုင်ဝမ်မှာ အများက လေးစားသမှု ရှိကြဆဲ ဖြစ်ပြီး တရုတ်မှာ နိုင်ငံတော် သူရဲကောင်းအဖြစ် ကွန်မြူနစ် ပါတီက သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.