ဝါရှင်တန်၊ မတ် ၃၁
အီရန်အနေနဲ့ စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု တစ်ရပ် မကြာခင် မရယူဘူးဆိုရင် သူတို့ရဲ့ ရေနံတင်ပို့မှု စုရပ် ခါ့ခ်ကျွန်း၊ ရေနံတွင်းတွေ၊ ဓာတ်အားပေး စက်ရုံတွေနဲ့ တခြား အရပ်ဖက် အခြေခံ အဆောက်အဦတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မတ် ၃၀ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။
အဆင်ပြေမယ့် လေသံမျိုးနဲ့ ပြောဆိုပြီး အခုသီတင်းပတ်အတွင်း သဘောတူညီမှု တစ်ရပ် ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပြီးနောက် ထရန့်က တီဟီရန်ရှိ ပိုမို ကျိုးကြောင်းသင့်လျော်တဲ့ အစိုးရ အဖွဲ့နဲ့ အမေရိကန်က လေးလေးနက်နက် ဆွေးနွေးနေတယ်လို့ သူ့ရဲ့ Truth Social လူမှုမီဒီယာ အကောင့်မှာ ရေးပါတယ်။
ဒါပေမဲ့ သူက ဆိုးဆိုးရွားရွား သတိပေးချက် တစ်ရပ်လည်း ထုတ်ပြန်ထားပါတယ်။
ဘာအကြောင်းကြောင့်ဖြစ်ဖြစ် အချိန်တိုအတွင်း သဘောတူညီမှု မရဘူးဆိုရင် စီးပွားရေး အတွက် ဟောမု့ဇ် ရေလက်ကြားကို ပြန်မဖွင့်ဘူးဆိုရင် အီရန်ရဲ့ ဓာတ်အားပေးစက်ရုံအားလုံး၊ ရေနံတွင်းတွေနဲ့ ခါ့ခ်ကျွန်းကို လုံးဝ ပျက်စီးသွားအောင် လုပ်ဆောင်မယ်လို့ ထရန့်က သတိပေးပါတယ်။
အချိန်တိုအတွင်း သဘောတူညီမှု မရဖို့လည်း ဖြစ်နိုင်ခြေရှိတယ်လို့ ထရန့်က ပြောပါတယ်။
အီရန်ကို တိုက်ခိုက်နေတဲ့ အမေရိကန်ရဲ့ စစ်ပွဲ လာမယ့် သီတင်းနှစ်ပတ်ကျော်အတွင်းပြီးဆုံးမယ်ဆိုတာ အစိုးရအဖွဲ့က အခိုင်အမာ ပြောဆိုထားကြောင်းနဲ့ အီရန်စစ်ပွဲဟာ သီတင်းလေးပတ်ကနေ ခြောက်ပတ်လောက်အထိပဲ ကြာမယ်လို့ ထရန့်က ခန့်မှန်းထားကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကက်ရိုလင်းက ဆိုပါတယ်။
လာမယ့် ၁၀ရက် အတွင်း အီရန်နဲ့ သဘောတူညီမှု ရရှိမယ်လို့ ထရန့်က မျှော်လင့်နေတာပါ။
ထရန့် အနေနဲ့ အီရန် အရပ်ဖက် အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်ဖျက်ဆီးမယ်ဆိုရင် စစ်ရာဇဝတ်မှု ကျူးလွန်မိနိုင်တဲ့ အန္တရာယ် မရှိဘူးလားလို့ မေးမြန်းရာမှာ ကက်ရိုလင်းက အမေရိကန် စစ်တပ်ဟာ အမြဲပဲ ဥပဒေတွင်းက လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
မတ်လ ၂၉ ရက် ညပိုင်းက Air Force One လေယာဉ်ပေါ်မှာ ထရန့်က အမေရိကန်အနေနဲ့ အီရန်ကို တိုက်ခိုက်ပြီး အီရန် အစိုးရ အပြောင်းအလဲ ဖြစ်အောင် လုပ်ဆောင်ထားနိုင်ပြီး ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန် ခေါင်းဆောင် အတော်များများ သေဆုံးသွားပြီဖြစ်ကြောင်း၊ အီရန်ရဲ့ အသစ်တက်လာတဲ့ ခေါင်းဆောင်ပိုင်းဟာ အများကြီး ပိုပြီး သင့်လျော်မှု ရှိကြောင်းထရန့်က ပြောပါတယ်။
ထရန့်က အမေရိကန်နဲ့ အီရန်ကြား မကြာခင် သဘောတူညီမှု တစ်ရပ်ရရှိနိုင်တယ်လို့ ပြောထားချိန်မှာ အရှေ့အလယ်ပိုင်း ဒေသသို့ အမေရိကန် လေထီးခုန် တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး စေလွှတ်ထားပါတယ်။
အီရန်က ဟောမု့ဇ် ရေလက်ကြား ပိတ်ဆို့ထားမှုကို ထပ်မံ တင်းကြပ်လိုက်ပြီး မိမိတို့ မြေပေါ်သို့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ရောက်လာရင် မီးမိုးရွာသွန်းပစ်မယ်လို့ ကြွေးကြော်ထား ပါတယ်။
အီရန် စစ်ပွဲ ရှည်ကြာလာတာနဲ့ အမျှ ကမ္ဘာ့ ရေနံဈေး ဆက်တိုက် မြင့်တက်နေပြီး တချို့နိုင်ငံတွေမှာ လောင်စာ ပြတ်လပ်နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
Ref:AFP

