ဖာပွန်၊ မတ် ၂၈
ကရင်ပြည်နယ် ဖာပွန်မြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၃၄၁ ခြေမြန်တပ်ရင်းဌာနချုပ်က ဗိုလ်မှူးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကို သူရဘွဲ့ ချီးမြှင့်အပ်နှင်းလိုက်တယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ဟာ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၈၁ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်အရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူပုဂ္ဂိုလ်တွေကို သူရဘွဲ့၊ သူရဲကောင်းမှတ်တမ်းတံဆိပ်နဲ့ ရဲဗလတံဆိပ်တို့ ကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။
သူရဘွဲ့ချီးမြှင့်ခံရသူတွေဟာ ဖာပွန်မြို့အခြေစိုက် ခမရ ၃၄၁ တပ်ရင်းက ဗိုလ်မှူးဇော်မျိုးနိုင်နဲ့ အိမ်ထောင်သည်ရဲမေ ဒေါ်စန်းစန်းမော်၊ ဒေါ်စနေမတို့ ဖြစ်ပါတယ်။
သူရဘွဲ့ဟာ မြန်မာစစ်တပ်မှာ အောင်ဆန်းသူရိယဘွဲ့နဲ့ သီဟသူရဘွဲ့ပြီးရင် တတိယမြောက် ဂုဏ်သိက္ခာ အမြင့်မားဆုံး ဆုတံဆိပ်တစ်ခု ဖြစ်ပါတယ်။
သူရဘွဲ့ဟာ တိုက်ပွဲအတွင်း အသက်ကို ပဓာနမထားဘဲ နိုင်ငံတော် အကျိုးအတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား တိုက်ခိုက်တဲ့ စစ်သည်တွေကို ချီးမြှင့်တဲ့ ဆုတံဆိပ်ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။
စစ်ကော်မရှင်ဟာ ၈၁ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်မှာ သူရဲဘွဲ့အြင် သူရဲကောင်းမှတ်တမ်းတံဆိပ် ခုနှစ်ဦး၊ ရဲဗလတံဆိပ် ၃၂ ဦး ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဖာပွန်အခြေစိုက် ခမရ ၃၄၁ တပ်ဟာ ဖာပွန်ဗျူဟာဘေးနားမှာရှိပြီး ဖာပွန်ဗျူဟာအပါအဝင် ကျန်ရှိနေတဲ့ ခမရ-၃၄၁၊ ခမရ-၃၄၀ တပ်ရင်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက နှစ်နှစ်ကျော်ကြာ ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဖာပွန်ဗျူဟာ မဆုံးရှုံးသွားဖို့အတွက် စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ နေ့စဉ် ဗုံးလာရောက်ကြဲချနေပြီး မြေပြင်ကနေလည်း စစ်ကူပေးပို့နိုင်ဖို့ စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

