ကျိုက်ထို၊ မတ် ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာမှာ စစ်ကော်မရှင်တပ် ဖမ်းဆီးသွားတဲ့ ကုန်တင်ကုန်ချ အလုပ်သမား ၃၀ ကျော်အနက် လူငယ် ၁၂ ဦး စစ်မှုထမ်းတပ်သား စုဆောင်းခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကျိုက္ကသာကျေးရွာဆိပ်ကမ်းမှာ ကုန်တင်ယာဉ် နှစ်စီးကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ကုန်တင်ယာဉ် နှစ်စီး ဖမ်းဆီးချိန် အနီးအနားရှိနေတဲ့ စက်လှေသမား၊ ယာဉ်မောင်းတွေအပါအဝင် ကုန်တင်ကုန်ချ အလုပ်သမား ၃၆ ဦးကို တစ်ခါတည်း ဖမ်းဆီးသွားတတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် ဖမ်းဆီးသွားတဲ့သူတွေထဲမှာ စစ်မှုထမ်း အကြုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ် ၁၂ ဦးကို မော်လမြိုင်အခြေစိုက် စစ်သားစုဆောင်းရေးတပ်ထံ ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံရသူတွေအနက် အသက်မပြည့်သေးတဲ့သူတွေနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂၄ ဦးကိုတော့ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းတပ်သား စုဆောင်းခံရသူတွေကို မိသားစုဘက်ကတော့ လိုက်လံရွေးထုတ်ပေမယ့် မော်လမြိုင်လေ့ကျင့်ရေးတပ်ထံ ပို့ဆောင်လိုက်ပြီလို့သာ အကြောင်းပြန်တယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၃ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၇၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.