ဝါရှင်တန်၊ မတ် ၂၅
အီရန် စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေ လက်ရှိ လုပ်ဆောင်နေပြီး အမေရိကန်နဲ့ ဆွေးနွေးနေသူတွေက သဘောတူညီမှု တစ်ရပ် အသည်းအသန် လိုချင်နေကြတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ထရန့်က အခုလိုမျိုး ပြောကြားလိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်း ၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။
အမေရိကန်နဲ့ ဆက်သွယ် ဆွေးနွေးနေတာမျိုး မရှိဘူးလို့ အီရန် အရာရှိတွေက ငြင်းဆိုထားကာ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းအတုတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး တစ်ရက် အကြာမှာ ထရန့်က အခုလိုမျိုး ပြောဆိုလာတာပါ။
အစ္စရေးနဲ့ အီရန်ကတော့ အပြန်အလှန် ဆက်လက် တိုက်ခိုက်နေကြပြီး အစ္စရေး စစ်တပ်က လက်ဘနွန် တောင်ပိုင်းမှာ နေထိုင်သူတွေ ဘေးကင်းရာသို့ ထွက်ခွာကြဖို့ သတိပေးထားပါတယ်။
ဒီအတောအတွင်း ပင်တဂွန်က အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး စေလွှတ်ဖို့ ပြင်ဆင်ထားပါတယ်။
အီရန်က ဟောမု့ဇ် ရေလက်ကြားကနေ ရန်မလိုတဲ့ သင်္ဘောတွေကို ဖြတ်သန်းခွင့် ပေးမယ်လို့ ကြေညာထားတာကြောင့် သဘောတူညီမှု တစ်ရပ် ရရှိချိန်အထိ အဲဒီ ရေလမ်းကြောင်းကို ဆက်လက် ထိန်းချုပ်ထားဦးမယ့် သဘော ဖြစ်ပါတယ်။
စစ်ပွဲ စတင်ပြီးနောက် အဆေက်အဦ နေရာ ၈၂၀၀၀ ထိခိုက်ပျက်စီးခဲ့ပြီ ဖြစ်ကြောင်း အီရန် လခြမ်းနီအဖွဲ့က ပြောထားချိန်မှာ အီရန် နိုင်ငံသားတွေကတော့ စစ်ပွဲကို အလျင်အမြန် အဆုံးသတ် စေချင်နေကြပြီ ဖြစ်ပါတယ်။
စစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ အမေရိကန်က အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်သို့ ပေးပို့ထားကြောင်း အမေရိကန်နဲ့ အစ္စရေး မီဒီယာတို့က အမည်ဖော်ပြမထားတဲ့ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြပါတယ်။
ဒီသတင်းတွေကို အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြပြီး အမေရိကန်ရဲ့ တောင်းဆိုမှု အချက်အလက်တွေကို မမြင်တွေ့ရ သေးဘူးလို့ ပြောပါတယ်။
အီရန် ဆက်လက် တိုက်ခိုက်ခံနေရချိန်မှာ ယူအေအီး၊ ကာတာနဲ့ ဘာရိန်းတို့ဟာ အမေရိကန်နဲ့ အစ္စရေးကို အီရန်ရဲ့ လက်စားချေ တိုက်ခိုက်မှု ဒဏ်တွေကို ခါးစည်းခံနေကြရ ပါတယ်။
ထရန့်က ဒီစစ်ပွဲကို လျစ်လျူရှုထားမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်တယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် နိုင်ငံအများမှာ လေကြောင်း ခရီးစဉ်တွေ လျှော့ချထားရပြီး လောင်စာ ချွေတာရေး အစီအစဉ်တွေလည်း စတင်ထားရပြီ ဖြစ်ပါတယ်။
အစ္စရေးက လက်ဘနွန်တောင်ပိုင်းကိုလည်း ဆက်လက် တိုက်ခိုက်နေပြီး ကြားခံဇုန် တစ်ခုကို သိမ်းပိုက်မယ်လို့ ပြောထားပါတယ်။
ဒီအတောအတွင်း ကမ္ဘာ့ရေနံဈေးသာ တစ်စည်ကို ဒေါ်လာ ၁၅၀ အထိ မြင့်တက်လာမယ်ဆိုရင် ကမ္ဘာ့စီးပွားရေး ကျုံ့ဝင်တော့မှာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် ဘဏ္ဍာရေး လုပ်ငန်းကြီး BlackRock ရဲ့ ဥက္ကဋ္ဌ လယ်ရီ ဖင့်က သတိပေးထားပါတယ်။
ထရန့်ကတော့ သူ့အနေနဲ့ စစ်ပွဲကို အရှိန်လျှော့ချနေတယ်လို့ ပြောထားပေမယ့် ဟောမု့ဇ် ရေလက်ကြားကို အီရန်က ဆက်လက် ပိတ်ဆို့ထားမယ်ဆိုရင် အီရန်ရဲ့ ဓာတ်အား ထောက်ပံ့ရေး စနစ်ကို ဖျက်ဆီးပစ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
Ref:BBC

