မနီလာ၊ မတ် ၂၅
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေဆီက ရေနံ ဝယ်ယူခွင့်ရရှိရေး ကင်းလွတ်ခွင့် ရရှိရေး ဖိလစ်ပိုင်က ဝါရှင်တန်နဲ့ လက်တွဲဆောင်ရွက်နေကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်က ပြောလိုက်ပါတယ်။
လိုအပ်တဲ့ လောင်စာတွေအတွက် ပြည်ပနိုင်ငံတွေကို အားကိုးနေရတဲ့ ဖိလစ်ပိုင်မှာ အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေ လျော့ပါးစေရေး မတ် ၂၄ ရက်က လောင်စာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေဆီက ရေနံ ဝယ်ယူခွင့် ရရှိရေး ခြွင်းချက် ဒါမှမဟုတ် ကင်းလွတ်ခွင့်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မိမိတို့ လက်တွဲဆောင်ရွက်နေတယ်လို့ ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးလ် မန်နူရယ် ရိုမိုဒက်ဇ်က ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။
နှစ်ဖက် ဆွေးနွေးမှုများကြား ဗင်နီဇွဲလား ရေနံတွေနဲ့ အီရန် ရေနံတွေ ဝယ်ယူခွင့်ရရေး တောင်းဆိုမှု ပါဝင်သလားလို့ မေးမြန်းရာမှာ သံအမတ်ကြီး ရိုမိုဒက်ဇ်က နည်းလမ်းအားလုံးကို ဆွေးနွေးနေတယ်လို့ ပြန်ဖြေပါတယ်။
အစိုးရက ဖိလစ်ပိုင်မှာ ၄၅ ရက်စာ လောင်စာရှိသေးကြောင်းနဲ့ လောင်စာ မပြတ်လပ်စေရေး ရေနံစည် ၁ သန်းကျော် ဝယ်ယူထားကြောင်း မတ် ၂၀ ရက်မှာ ပြောထားပါတယ်။
တစ်နှစ်အထိ သက်တမ်းရှိတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်အရ အစိုးရအနေနဲ့ အချိန်နဲ့ တပြေးညီ လုံလုံလောက်လောက် ထောက်ပံ့နိုင်ရေး လောင်စာနဲ့ ဓာတ်ဆီ ထုတ်ကုန်တွေကို ဝယ်ယူခွင့် ရရှိထားပါတယ်။
စွမ်းအင်ဆက်လက် ထောက်ပံ့ရေး ဖိအားတွေ ရှိနေတာကြောင့် မနီလာက ကျောက်မီးသွေးသုံး ဓာတ်အားပေးဝေမှုကို ယာယီ တိုးမြှင့်ထားပါတယ်။
အမေရိကန်က ရက် ၃၀ ကြာ ကင်းလွတ်ခွင့် ပေးထားတာကြောင့် ဖိလစ်ပိုင်ဟာ ၅ နှစ်အတွင်း ပထမဆုံး ရုရှား ရေနံတွေ ဝယ်ယူထားပြီး ယခုသီတင်းပတ်အတွင်း လက်ခံ ရရှိမှာ ဖြစ်ပါတယ်။
ပင်လယ်ပြင်ကို ရောက်ရှိနေတဲ့ အီရန် ရေနံတွေ ဝယ်ယူနိုင်ရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရက် ၃၀ ကြာ ကင်းလွတ်ခွင့်ပေးကြောင်းလည်း အမေရိကန်က ကြေညာထားပါတယ်။
ဒီအတောအတွင်း အီရန်က ကမ္ဘာကြီးအတွက် အရေးပါတဲ့ ရေလမ်းကြောင်း တစ်ခု ဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားပေမယ့် ရန်မလိုတဲ့ သင်္ဘောများအား ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
Ref:Reuters

