မော်လမြိုင် ၊ မတ် ၂၅
မွန်ပြည်နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ဝယ်ယူရ အခက်အခဲကြောင့် ယာဉ်စီးခအပါအဝင် ပစ္စည်းတန်ဆာခတွေပါ ဈေးနှုန်း မြင့်တက်လာတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသတွင်းမှာတော့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ မတ်လပထမအပတ်က စတင်ကာ လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ ရတာ၊ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူရတာအပြင် စက်သုံးဆီဆိုင်တွေကလည်း အချိန် အကန့်အသတ်နဲ့သာ ရောင်းချတဲ့အတွက် အခက်ကြုံနေရတာပါ။
စက်သုံးဆီ အခက်အခဲကြောင့် မွန်ပြည်နယ်ကနေ အနယ်နယ် အရပ်ရပ်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ဟာ မော်တော်ယာဉ်တွေကို လျော့ချ ပြေးဆွဲလာကြသလို ယာဉ်စီးခနဲ့ တန်ဆာခတွေကိုလည်း တိုးမြှင့် ကောက်ခံလာတာ ဖြစ်ပါတယ်။
ယာဉ်လိုင်း ပိုင်ရှင် တစ်ဦးကတော့ စက်သုံးဆီ ဝယ်ယူဖို့ အခက်အခဲ ဖြစ်တဲ့အတွက် ယာဉ်အစီးရေ လျော့ချ ပြေးဆွဲနေရပြီး ယာဉ်စီးခနဲ့ တန်ဆာခတွေ တိုးမြှင့်ကောက်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ယာဉ်လိုင်းတွေကတော့ ယာဉ်အစီးရေ လျော့ချတာတော့ ရှိတယ်။ မထွက်နိုင်ဘူး။ ကားက ဘယ်လိုလဲဆိုတော့ ဆီက မရှိတော့ ကားတွေက လှည့်ထိုးလို့ မရဘူး။ လှည့်ထိုးလို့ မရတော့ ယာဉ်အစီးရေ လျော့ချတဲ့ အပိုင်းက ရှိတယ်လေ။ ဆီအခက်အခဲကြောင့် တန်ဆာခလေးတွေကတော့ အခါတိုင်းထက် စာရင်းတော့ ဥပမာပေါ့ ၃၀၀၀ တန်တဲ့ ပစ္စည်းကို ၅၀၀၀ လောက် ယူလိုက်တာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် အရင်လို သတ်မှတ်အချိန်အတိုင်း လိုရာခရီးကို မရောက်တော့ဘဲ လမ်းမှာ စက်သုံးဆီရတဲ့ ဆိုင်တွေမှာ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူ ရတာကြောင့်လည်း ခရီးစဉ် နှောင့်နှေး ကြန့်ကြာမှု တွေနဲ့ ကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။
စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် ခရီးသည်တင် ယာဉ်လိုင်းတွေအပြင် သုံးဘီး၊ အိုးဝေနဲ့ ဆိုင်ကယ်တက္ကစီတွေက အစ ယာဉ်စီးခတွေကို အရင်ကထက် နှစ်ဆ၊ သုံးဆ တိုးမြှင့် တောင်းခံမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနကတော့ ခရီးသည်တင်ယာဉ်၊ Light Truckနဲ့ ကုန်ကားတွေကို ဒီဇယ်ဆီ ကျပ် ၁၀၀၀၀၀ ဖိုးသာ ရောင်းချဖို့ စက်သုံးဆီ အရောင်းဆိုင် တွေကို ညွှန်ကြားထားတာပါ။
ဒါ့အပြင် သုံးဘီးနဲ့ အိုးဝေတွေကိုတော့ ကျပ် ၁၀၀၀၀ ဖိုးနဲ့ ဆိုင်ကယ်တွေကိုတော့ ကျပ် ၅၀၀၀ ဖိုးသာ ရောင်းချ ခိုင်းထားပေမယ့် တစ်နေ့ကုန် တန်းစီဝယ်ယူရတာကြောင့် အချိန်ကြာမြင့်စွာ ဝယ်ယူရပြီး လိုသလောက် ဝယ်ယူလို့ မရတဲ့ အတွက် အခုလို ယာဉ်စီးခ တိုးတောင်းရတာ ဖြစ်တယ်လို့ အိုးဝေယာဉ်မောင်းတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ပထမအပတ်က စတင်ကာ စက်သုံးဆီ အခက်အခဲကြောင့် ခရီးသွားကဏ္ဍအပါအဝင် လူမှုစီးပွားကဏ္ဍ အသီးသီးမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ကဏ္ဍအများစု ပုံမှန် မလည်ပတ် နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

