နေပြည်တော် ၊ မတ် ၂၅

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုရင် သူ့အတွက် နိုင်ငံရေးအပြင် စစ်ရေးမှာပါ ဩဇာအာဏာပိုညောင်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတချို့ ပြင်ဆင်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ဂ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက် ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်လို့ ဖော်ပြထားတာပါ။

တစ်ဘက်မှာ ဥပဒေအရ သမ္မတနဲ့ တပ်ချုပ်ရာထူးတို့ကို ပုဂ္ဂိုလ်တစ်ဦးတည်းက တစ်ပြိုင်နက်တည်း ထမ်းဆောင်ခွင့် မရှိပါဘူး။

ဒါကြောင့် စစ်ခေါင်းဆောင်အနေနဲ့ သမ္မတလုပ်မယ်ဆိုရင် တပ်ချုပ်ရာထူးကို စွန့်လွှတ်ရမှာဖြစ်လို့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲအဖြစ် တပ်ချုပ်နေရာမှာ သမ္မတနဲ့ အစားထိုးပြင်ဆင်လာနိုင်တဲ့ သဘောဖြစ်ပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက အဲဒီပုဒ်မကို ပြင်ဆင်ဖို့ အတော်လေး ခက်ခဲတယ်လို့ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ကို ကိုးကားပြီး သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ထင်တယ်။ ဒီဥပဒေပုဒ်မတွေက အလွယ်တကူ ပြင်ဆင်ဖို့က တော်တော်လေး ခက်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ပြီးရင်တောင်မှ အတည်ပြုနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှုရဖို့ ပထမတစ်ချက် ပြင်ဆင်မှာ ဖြစ်တယ်။ ပြီးရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိသူရဲ့ ထက်ဝက်ကျော် ဒါလည်း အင်မတန်ခက်တဲ့ အနေအထားဖြစ်တယ်။ နောက်တစ်ခု ဒီလိုပြင်ဆင်ပြီး ဥပဒေအရ အသက်ဝင်လာဖို့တောင်မှ အခြေအနေတွေ အဆင့်ဆင့်ရှိမယ်လို့ ကျွန်တော်တို့ ထင်တယ်”လို့ ဆိုပါတယ်။

ပုဒ်မ ၂၀ (ဂ) ကို ပြင်ဆင်မယ်ဆိုရင် နောင်တချိန် အစိုးရဖြစ်လာမယ့် အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အခြားနိုင်ငံရေးပါတီတွေအတွက် အခွင့်အလမ်း ဖြစ်လာနိုင်တာမို့ စစ်တပ်ဘက်က ဒီအချက်ကို တွက်ဆထားနိုင်ပါတယ်။

စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း နိုင်ငံရေးအစိုးရတွေအနေနဲ့ သတ်မှတ်ကာလအလိုက် ပြောင်းလဲနေပေမယ့် စစ်တပ်အနေနဲ့ အစိုးရတွေလိုမျိုး ပြောင်းလဲမှာ မဟုတ်ဘဲ လက်ဆင့်ကမ်းတာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ခြင်းလို့ တပ်ချုပ်ရဲ့ ဩဝါဒ ခံယူပွဲမှာ ထုတ်ပြောထားတာပါ။

တစ်ဘက်မှာ ဒီမိုကရေစီအင်အားစုတွေ ပယ်ဖျက်ချင်ကြတဲ့ ပုဒ်မ ၆ (စ) ပါ ပြဌာန်းချက်အရ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ခေါင်းဆောင်အနေနဲ့ စစ်တပ်ကို တခြားသော ပုံစံတွေနဲ့ ထိန်းကျောင်းနိုင်ဖို့ ကြိုးပမ်းလာနိုင်ပေမယ့် နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချမယ့် အနေအထားမျိုး လုပ်လိမ့်မှာ မဟုတ်ဘူးလို့ ကိုနောင်ရိုးကို မှတ်ချက်ပြုပါတယ်။

တကယ်လို့ သမ္မတကို လက်နက်ကိုင်အားလုံးရဲ့ အကြီးအကဲဖြစ်လာမယ်ဆိုရင် အာဏာသိမ်းမှုဖြစ်စေတဲ့ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်နဲ့ပတ်သက်ပြီး တပ်ချုပ်ကို အာဏာသုံးရပ်လုံး လွှဲအပ်ရမယ်ဆိုတဲ့ ပုဒ်မတချို့ကိုလည်း ပြင်ဆင်ရမှာပါ။

အကြောင်းကတော့ ခေတ်အဆက်ဆက် အာဏာသိမ်းမှုနဲ့ ယဉ်ပါးလာနေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အမူအကျင့်တွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မယ့် စတုတ္တမျိုးဆက်အပေါ် လွှမ်းမိုးနိုင်လို့ ဖြစ်ပါတယ်။

လက်ရှိမှာလည်း တပ်ချုပ်ရာထူးကို ဆက်ခံမယ့်သူအဖြစ် သုံးပွင့်ဆိုင်လာတဲ့ စစ်ဗိုလ်ချုပ်သုံးဦးရဲ့ နာမည်တွေ လူမှုကွန်ရက်သုံးစွဲသူတွေကြား ရေပန်းစားနေပါတယ်။

အဲဒီထဲမှာ အရင်က နာမည်ထွက်ခဲ့တဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း အပါအဝင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကြည်းချုပ်အဖြစ် ရာထူးတိုးခံရတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ပါဝင်လာတာပါ။

CDM ဗိုလ်ကြီး ဇင်ယော် သုံးသပ်တာက တပ်ချုပ်ဖြစ်မယ့်သူဟာ ၅ နှစ်တာ တာဝန်ထမ်းဆောင်မယ့် အနေအထားဖြစ်ပြီး အတိုင်ပင်ခံကောင်စီမှာလည်း ဥက္ကဌဖြစ်မယ့် အခင်းအကျင်းလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုသူတို့သွားမယ့်အခင်းအကျင်းက တပ်ချုပ်ကလည်း လွှတ်တော်တွေနဲ့အတူ ၅ နှစ်ပေါ့၊ အစိုးရသက်တမ်းနဲ့အတူ ထားသွားမယ့် ပုံဖော်လာမယ့် အနေအထားမျိုး။အဲဒီတော့ အခြေခံဥပဒေကို ပြင်ဆင်လာမယ်။ ဒါပေမယ့် တပ်ချုပ်ကနေ သွားမယ့်သူတွေသည် တပ်ချုပ်ကနေ နားသွားမယ့်သူက နောက်အစိုးရတစ်သုတ်မှာ သမ္မတ ဒါမှမဟုတ် အတိုင်ပင်ခံကောင်စီ ဥက္ကဌဖြစ်မယ့် အလားလာမျိုးကို သူတို့ပြင်မှာ”လို့ ဆိုပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သူ့ရဲ့ လုပ်ပိုင်ခွင့်သက်တမ်းမကုန်ဆုံးခင်မှာ အားလုံးရဲ့ အထက်မှာ နေရာယူလာမယ့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြဌာန်းထားတာပါ။

ဥပဒေအရ အပိုင်းလိုက်ရွေးကောက်ပွဲကနေ တက်လာမယ့် သမ္မတက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဌ အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်တဲ့ ကောင်စီကို ဖွဲ့စည်းပေးရမှာဖြစ်သလို ကောင်စီဝင်တွေကို သတ်မှတ်ပေးရမှာပါ။

အတိုင်ပင်ခံကောင်စီရဲ့ လုပ်ငန်းတာဝန်ကလည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြဋ္ဌာန်းရေး စတဲ့ ကိစ္စရပ်တွေကို အကြံပေးညှိနှိုင်းတာတွေ ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

ဒါဟာ အစိုးရနဲ့ လွှတ်တော်ကို အတိုင်ပင်ခံကောင်စီက ကန့်သတ်ထိန်းချုပ်လာနိုင်တဲ့ အခြေအနေလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပြီး ကောင်စီဝင်တွေရဲ့ အရည်အချင်းသတ်မှတ်ချက်တွေကို အခုထက်ထိတော့ ဥပဒေမှာ ပြဌာန်းထားတာ မရှိသေးပါဘူ။

ဒီအခြေအနေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံရေးအာဏာအရ သမ္မတရာထူးအပြင် စစ်ဘက်မှာ အကြံပေးညှိနှိုင်းနိုင်တဲ့ အတိုင်ပင်ခံကောင်စီ ဥက္ကဌအဖြစ် ပူးတွဲတာဝန်ယူလာနိုင်တယ်လို့ ပြောဆိုနေကြတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ် သုံးသပ်တာက စစ်ခေါင်းဆောင်အနေနဲ့ သမ္မတလုပ်ပိုင်ခွင့်ကို တိုးမြှင့်တာထက် အတိုင်ပင်ခံကောင်စီရဲ့ လုပ်ပိုင်ခွင့်နဲ့ ပေါင်းပြီး စစ်တပ်ကို ကိုင်တွယ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူလုပ်နေတဲ့ ပုံစံက သမ္မတရာထူးယူတယ်ဆိုရင်တောင်မှ အတိုင်ပင်ခံကောင်စီဥပဒေကို ပြဌာန်းထားတဲ့အတွက် အဲဒီဘက်ကနေ သူ့လူယုံတွေကနေတဆင့် တပ်ကို အတိုင်ပင်ခံကောင်စီနဲ့ သမ္မတ လုပ်ပိုင်ခွင့် နှစ်ခုပေါင်းပြီး ပြန်ကိုင်တွယ်လာနိုင်တယ်။ ဒါကလည်း နောက် ၁၀ နှစ် ဒါမှမဟုတ် သူ သမ္မတနှစ်ဆက် တစ်ဆက် ပြီးသွားရင်လည်း တပ်ပိုင်းဆိုင်ရာမှာ ဘယ်သူပဲ ရာထူးတက်တက် သမ္မတရဲ့ လုပ်ပိုင်ခွင့် မမြှင့်တဲ့အတွက် တပ်ကလည်း သူ့ဘာသူ သီးခြား လွတ်လွတ်လပ်လပ် ကျင့်သုံးလို့ ရမယ်။ သူ့လက်ထက်မှာ သူ့လူကို အတိုင်ပင်ခံကောင်စီ ဒါမှမဟုတ် သူကိုယ်တိုင် အတိုင်ပင်ခံကောင်စီမှာ ရှိပြီး နှစ်ခု ထိန်းညှိမှု လုပ်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သူ့လက်ထက်မှာ သူလုပ်ပိုင်ခွင့် အများကြီး ရနိုင်တာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာ သမ္မတဖြစ်ချင်တဲ့ အာသီသကြောင့် မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ ၁၅ နှစ်တာ ထမ်းဆောင်ခဲ့တဲ့ တပ်ချုပ်ရာထူးကို စွန့်လွှတ်တော့မယ့် အရိပ်အယောင်တွေလည်း ရှိနေတာပါ။

စစ်ကော်မရှင်ကလည်း သင်္ကြန်မတိုင်ခင် မြန်မာနိုင်ငံမှာ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ တပ်ချုပ် အပါအဝင် အရေးကြီးတဲ့ ရာထူးတွေ ခန့်အပ်ပြီး အစိုးရသစ် ဖွဲ့စည်းမယ့်အကြောင်း ထုတ်ပြောထားပြီး လာမယ့် မတ် ၃၀ ရက်နေ့မှာ အစုအဖွဲ့သုံးခုကနေ ဒုသမ္မတ တစ်ဦးစီရဲ့ အမည်စာရင်း တင်သွင်းမှာ ဖြစ်ပါတယ်။

အဲဒီနေ့ရက်ဟာ သမ္မတလုပ်မယ်လို့ ထင်ကြေးပေးခံရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လာတာ ၁၅ နှစ် တိတိပြည့်မြောက်တဲ့ နေ့ရက်နဲ့ တိုက်ဆိုင်နေတာပါ။

မတ် ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နာယကက သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်တင်မြှောက်နိုင်ဖို့ တပ်ကိုယ်စားလှယ် အပါအဝင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစုအဖွဲ့သုံးခုကို ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.