မနီလာ၊ မတ် ၂၅

အီရန် စစ်ပွဲနဲ့ပတ်သက်လို့ တုံ့ပြန်တဲ့အနေနဲ့ ဖိလစ်ပိုင်က ကမ္ဘာ့ ပထမဆုံးအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

နိုင်ငံအတွက် စွမ်းအင် ထောက်ပံ့မှု တည်ငြိမ်စေရေးနဲ့ ဝယ်ယူရရှိနိုင်မှုအပေါ် မလွဲဧကန် အန္တရာယ် ကျရောက်လာတော့မှာ ဖြစ်တာကြောင့် စွမ်းအင်ဖူလုံမှု ကာကွယ်ရေး အထူးအမိန့်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်နေမှုနဲ့ အဓိက သင်္ဘောလမ်းကြောင်း ဟောမု့ဇ် ပိတ်ထားမှုတို့ကြောင့် ကမ္ဘာ့စွမ်းအင် ဈေးကွက်တွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေပြီး စွမ်းအင်ပြတ်လပ်မှုတွေ ဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဖိလစ်ပိုင်ဟာ သူတို့အတွက် လိုအပ်တဲ့ လောင်စာရဲ့ ၉၈ ရာခိုင်နှုန်းကို ပင်လယ်ကွေ့က တင်သွင်းနေတာ ဖြစ်ပြီး စစ်ပွဲ စတင်ကတည်းက ဖိလစ်ပိုင်မှာ ဒီဇယ်နဲ့ ဓာတ်ဆီဈေးနှုန်းတွေ နှစ်ဆ မြင့်တက်သွားခဲ့ပါတယ်။

အရေးပေါ် အခြေအနေ ကြေညာလိုက်တာကြောင့် စွမ်းအင် တည်ငြိမ်ရေးနဲ့ ပိုကျယ်ပြန့်တဲ့ စီးပွားရေးအား ကာကွယ်ရေး အစီအစဉ်တွေ ပြုလုပ်နိုင်တော့မှာ ဖြစ်တယ်လို့ သမ္မတ မားကို့စ်က မတ် ၂၄ ရက်မှာ ပြောပါတယ်။

အဲဒီ အမိန့်အရ လောင်စာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြား မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ စီစဉ်တကျ ဖြန့်ဝေမှုကို ကြီးကြပ်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ထောက်ပံ့မှု ပိုများလာစေရေး အစိုးရအနေနဲ့လည်း လောင်စာနဲ့ ဓာတ်ဆီ ထုတ်ကုန်တွေကို တိုက်ရိုက် ဝယ်ယူခွင့် ရရှိလာပြီ ဖြစ်ပါတယ်။

အဲဒီ အမိန့်ကြေညာချက်ကို သမ္မတက သက်တမ်း မတိုးခင် ဒါမှမဟုတ် မရုတ်သိမ်းခင် တစ်နှစ်အထိ အသက်ဝင်နေမှာ ဖြစ်ပါတယ်။

လောင်စာဈေးနှုန်း မြင့်တက်လာမှုကြောင့် ဖိလစ်ပိုင် မိသားစုတွေ ရင်ဆိုင်နေရတဲ့ ခက်ခဲမှုဟာ အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း လွှတ်တော်အမတ်တွေက ပြောကြားခဲ့ပြီးနောက် သမ္မတက အရေးပေါ် အခြေအနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီဇယ်နဲ့ဓာတ်ဆီ ဈေးတွေ မတ် ၂၄ ရက်မှာ ထပ်မံ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီက စစ်ပွဲ မတိုင်ခင်ကထက် ဈေးနှုန်း နှစ်ဆ မြင့်တက်လာပါတယ်။

နိုင်ငံရဲ့ အဓိက အလုပ်သမား ညွှန့်ပေါင်းအဖွဲ့တွေထဲက တစ်ခု ဖြစ်တဲ့ (KMU) က အရေးပေါ် ကြေညာချက်ကို ဝေဖန်ထားပြီး အစိုးရဟာ ဆီပြဿနာကို ဖြေရှင်းဖို့ ပျက်ကွက်နေတယ်ဆိုတာကို ဝန်ခံလိုက်တာပဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

အစိုးရဟာ အရင်က အခြေအနေတွေ အားလုံး ပုံမှန်ပဲလို့ ပြောဆိုပြီး အခြေအနေ ပြင်းထန်မှုကို လျှော့ချ ပြောဆိုခဲ့တယ်လို့လည်း အဲဒီ အလုပ်သမား ညွှန့်ပေါင်းအဖွဲ့က ပြောပါတယ်။

ပို့ဆောင်ရေး လုပ်သားတွေ၊ အွန်လိုင်းက ချိတ်ဆက် ခေါ်ယူမှုနဲ့ မောင်းနှင်ပေးရတဲ့ အငှား ယှဉ်မောင်းတွေ အပါအဝင် တခြား အလုပ်သမားတွေက မတ် ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက် သပိတ်မှောက်ဖို့ စီစဉ်ထားကြပါတယ်။

အစိုးရရဲ့ တုံ့ပြန်မှု ကြန့်ကြာနေပြီး လုံလောက်တဲ့ အရေးယူ ဆောင်ရွက်မှု မရှိဘူးလို့ အများပြည်သူက ယူထားပြီး လောင်စာဈေးမြင့်တက်မှုကြောင့် ဒေါသထွက်နေကြပါတယ်။

သပိတ်မှောက်မှုတွေကို ဦးဆောင်မယ့် ပို့ဆောင်ရေးသမဂ္ဂ ညွှန့်ပေါင်းအဖွဲ့က လောင်စာ အခွန်တွေ ကင်းလွတ်ခွင့်ပေးရေး၊ ဈေးနှုန်း ပြန်လည် ကျဆင်းအောင် လုပ်ဆောင်ပေးရေး အပါအဝင် တောင်းဆိုမှုတွေ အများကြီး ပြုလုပ်ထားပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ရန်လို တိုက်ခိုက်မှုတွေ စတင်ပြီး နောက်ပိုင်း အစိုးရက ပို့ဆောင်ရေး ယာဉ်မောင်းတွေအတွက် ထောက်ပံ့ကြေးပေးဖို့ ကမ်းလှမ်းခဲ့ပြီး ကြိုပို့ယာဉ် ဝန်ဆောင်မှုတွေကို လျှော့ချခဲ့ပါတယ်။

ဟောမု့ဇ် ရေလက်ကြား ပိတ်ထားတဲ့ ဒဏ်ကို အာရှ နိုင်ငံ အများစု ခံနေကြရပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.