နေပြည်တော် မတ် ၂၅
စက်သုံးဆီ ကန့်သတ်ချက်တွေကြောင့် အတာသင်္ကြန်ပွဲတော်ကျင်းပမှုကို အကျပ်အတည်း မဖြစ်စေလိုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့ မတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်လာတဲ့ စက်သုံးဆီများ ဖူလုံစွာရရှိရေးနဲ့သုံးစွဲမှုများ စနစ်တကျဖြစ်စေရေးအတွက် ကျင်းပတဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ ပြည်သူတွေမျှော်လင့်ထားတဲ့ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်တာကြောင့် အများပြည်သူတွေ ရေသဘင်ဆင်နွဲနိုင်ရေး တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ စီမံဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းခဲ့တာပါ။
သင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှု များပြားမှုမရှိစေရေး တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ မြို့ကြီးတွေနဲ့ မြို့နယ်တွေအလိုက် လမ်းလျှောက်သင်္ကြန်အဖြစ် နေရာတွေ သတ်မှတ်ပြီး ကျင်းပပြုလုပ်သွားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ဖို့ မီးရထားတွေ တိုးချဲ့ပြေးဆွဲတာ၊ အများပြည်သူသုံး ဘတ်စ်ကားလိုင်းတွေ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ရေး ဆောင်ရွက်ကြဖို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေကို အမှန်တကယ်အသုံးပြုနေတဲ့ ပြည်သူတွေ လက်ဝယ်သို့ ရောက်ရှိစေရေးနဲ့ မှောင်ခိုရောင်းဝယ်မှုတွေ မရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ မှာကြားခဲ့တာပါ။
စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုတွေ ခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်တဲ့အတွက် နိုင်ငံအတွင်းမှာ အရန်ဆီ သိုလှောင်ထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

