ဘန်ကောက်၊ မတ် ၂၅
အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုတဲ့ ကာလရက်ပေါင်း ၆၀ ကို ရက် ၃၀ သို့ လျှော့ချရေး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပြုထားပါတယ်။
အဆိုပြုထားတဲ့ ထိန်းညှိမှုကြောင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍကို ထိခိုက်စေမှာ မဟုတ်ဘူးဘဲ နိုင်ငံတော် လုံခြုံရေး အားကောင်းလာစေမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က မတ် ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
နိုင်ငံခြား ခရီးသွားတွေဟာ ခရီးသွားလာရေးထက် အဲဒီ အစီအစဉ်ကို တလွဲအသုံးချနေကြကြောင်း သတင်းတွေ ရရှိထားတယ်လို့ ဝန်ကြီး ဆီဟာဆက်က ပြောဆိုတာပါ။
ကမ္ဘာတဝှမ်း ထိုင်းသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေနဲ့ ကုန်သွယ်ရေးရုံး အရာရှိတွေကို ဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းရာမှာ ဆီဟာဆက်က အခုလိုမျိုး အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ်နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ် ပိုမို အဆင်ပြေအောင် လုပ်ဆောင်ပေးထားတဲ့အတွက် မိမိတို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အများက ချီးကျူးထားကြောင်းနဲ့ နိုင်ငံတဝှမ်း ဝန်ဆောင်မှုတွေ တိုးချဲ့ထားတယ်လို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ ပတ်သက်လို့ ဝန်ကြီးက ထိုင်းနိုင်ငံသားတွေ ဘေးကင်းရေး၊ ကယ်ဆယ်ရေးကို ဦးစားပေး ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံသား ၁၀၀၀ ကျော်ကို ကူညီပေးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နည်းပညာ အသုံးပြုရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေ အားပိုကောင်းလာစေရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ စံချိန်စံညွှန်း ပြည်သူ ဗဟိုပြု အဓိက မူဝါဒ လေးရပ်ကို ချပြထားပါတယ်။
ဒီအတောအတွင်း ထိုင်းက သူတို့ရဲ့ ရေနံတင်သင်္ဘောတွေ ဟောမု့ဇ် ရေလက်ကြားကိုဖြတ်သန်းနိုင်ရေး အီရန်နဲ့ ဆွေးနွေးပြီးနောက် ထိုင်းရေနံတင် သင်္ဘော နှစ်စီး ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဝန်ကြီး ဆီဟာဆက်က ပြောဆိုထားပါတယ်။
Ref:Bangkokpost

