ကျောက်ကြီး၊ မတ် ၂၅
ပဲခူတိုင်း ကျောက်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ သုံးလအတွင်း စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း စစ်ကော်မရှင်တပ်ဟာ ကျောက်ကြီးမြို့နယ်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တာပါ။
စစ်ကော်မရှင်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၈ ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ကျေးရွာပေါင်း ၁၃ ရွာက အရပ်သားပြည်သူ ၆၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ KNU က ဆိုထားပါတယ်။
အဲဒီသုံးလအတွင်း ကျောက်ကြီးမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ တပ်စခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်နက်ချ အလင်းဝင်လာတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သား ၄၁ ဦးကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံအကျိုးစီးပွားကို ပျက်စီးအောင်လုပ်ဆောင်နေတဲ့ စစ်ကော်မရှင်ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို အဆုံးတိုင် ဆန့်ကျင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ KNU က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

