ကျိုက်ထို၊ မတ် ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ အလုပ်သမား ၃၀ ကျော်ကို စစ်ကော်မရှင်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာဆိပ်ကမ်းမှာ ကုန်တင်ယာဉ် နှစ်စီးကို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ကုန်တင်ယာဉ် နှစ်စီးကို ဖမ်းဆီးသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ကုန်တင်ကုန်ချ အလုပ်သမား ၃၀ ကျော်ကိုလည်း အကြောင်းပြချက်မပေးဘဲ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အလုပ်သမားတွေဟာ ကျိုက္ကသာကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေက ကုန်တင်ကုန်ချ အလုပ်သမားတွေ ဖြစ်ပြီး အသက် ၁၄ နှစ်ကနေ ၄၀ အရွယ် အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က ဖမ်းဆီးသွားတဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေဟာ မတ်လ ၂၄ ရက်နေ့ ညနေ့ပိုင်းအထိ ပြန်မလွှတ်လာသေးဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ထိုင်းကုန်ပစ္စည်းတွေကို ကျိုက္ကသာကျေးရွာဆိပ်ကမ်းကနေ စက်လှေတွေနဲ့ ပဲခူးဘက်သို့ ပို့ဆောင်နေတယ်ဆိုတဲ့ သတင်းအရ စစ်ကော်မရှင်တပ်က ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ အာဏာသိမ်းကာလအတွင်း ထိုင်းကုန်ပစ္စည်းတွေ တရားမဝင် နယ်စပ်လမ်းကြောင်းတွေကနေ ဝင်ရောက်နေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ပိတ်ဆို့ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.