နယူးဒေလီ၊ မတ် ၁၈
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေကို ကူညီနေတဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးနဲ့ အမေရိကန်နိုင်ငံသား ၁ ဦးကို အိန္ဒိယက ဖမ်းဆီးထားကြောင်း ကြေညာပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီ နိုင်ငံခြားသားတွေကို ဖမ်းဆီးထားတာ ဖြစ်ကြောင်း အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ NIA က ပြောပါတယ်။
ယူကရိန်းကတော့ ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ နိုင်ငံသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးရေး တောင်းဆိုထားပါတယ်။
သူတို့ဟာ အိန္ဒိယအစိုးရက ခရီးမသွားဖို့ တားမြစ်ထားတဲ့ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။
အဲဒီ နိုင်ငံခြားသားတွေဟာ နယ်စပ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ လျှို့ဝှက် ကြံစည်မှုအတွင်း ပါဝင်နေသူတွေ ဖြစ်တယ်လို့ NIA က ပြောပါတယ်။
အမေရိကန်နိုင်ငံသားကို ကလကတ္တား လေဆိပ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ယူကရိန်း နိုင်ငံသားတွေကို လက်ပ်နောင်းနဲ့ ဒေလီ လေဆိပ်မှာ မတ် ၁၃ ရက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ NIA က ပြောပါတယ်။
သူတို့ကို အိန္ဒိယက တရားမဝင် လှုပ်ရှားမှု ဥပဒေ၊ ဆက်စပ် ပုဒ်မတွေနဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့ နိုင်ငံသားတွေအနေနဲ့ မြန်မာ ဒါမှမဟုတ် အိန္ဒိယမှာ တရားမဝင် လှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့ကြောင်း အထောက်အထား တစ်စုံတစ်ရာ မတွေ့ရတာကြောင့် ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ အမေရိကန် နိုင်ငံသား ပါဝင် ပတ်သက်နေမှုနဲ့ ပတ်သက်လို့တော့ မှတ်ချက်ပြုမှာ မဟုတ်ဘူးလို့ ယူကရိန်းက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက် မပြုသေးပါဘူး။
အိန္ဒိယရဲ့ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်မယ့်သူတွေအနေနဲ့ အထူးခွင့်ပြုချက်လိုအပ်ကြောင်း အိန္ဒိယ အစိုးရက ကြေညာထားပါတယ်။
ယူကရိန်း နိုင်ငံသားတွေကို ဖမ်းဆီးထားကြောင်း အိန္ဒိယအခြေစိုက် ယူကရိန်းသံရုံးကိုလည်း အကြောင်းကြားခဲ့တာ မရှိဘူးလို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယ မီဒီယာ တချို့နဲ့ ရုရှား မီဒီယာတွေက စွပ်စွဲ ဖော်ပြတာတွေ မကြာခဏ ပြုလုပ်လေ့ ရှိကြောင်းလည်း ယူကရိန်းက ပြောပါတယ်။
အဲဒီ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံက ဘယ်လို လက်နက်ကိုင် အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်ဆိုတာကိုတော့ အဲဒီသတင်းမှာ ဖော်ပြမထားပါဘူး။
ဖမ်းဆီးခံထားရတဲ့ ယူကရိန်း နိုင်ငံသားတွေဟာ အဖွဲ့ဝင် ၁၄ ဦး ပါဝင်တဲ့ အုပ်စုထဲက ဖြစ်ကြောင်း ကနဦး စုံစမ်း စစ်ဆေးမှုအရ သိရပါတယ်။
သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း အိန္ဒိယက ဖော်ပြထားတာ မရှိပါဘူး။
ဖမ်းဆီးခံရတဲ့ အမေရိကန် နိုင်ငံသားဟာလည်း အဲဒီ အုပ်စုထဲက ဖြစ်တယ်လို့ အိန္ဒိယက ပြောပါတယ်။
အမေရိကန် သံရုံး ပြောရေးဆိုခွင့်ရှိသူက အဲဒီ အခြေအနေကို သတိပြုမိပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တာကြောင့် မှတ်ချက်မပြုလိုဘူးလို့ ပြောဆိုထားပါတယ်။
Ref:TOI

