မြဝတီ၊ မတ် ၁၈

ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အား စုတို့အကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး စစ်ကောက်မရှင်တပ်က စစ်ရှောင်စခန်းတွေအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူး၊ မင်းလက်ပံနယ်မြေတို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကော်မရှင်တပ်က လပေါင်းများစွာ ထိုးစစ်ဆင်နေတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာပါ။

ဖလူး၊ မင်းလက်ပံနယ်မြေတဝိုက် တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီး ဒရုန်းပစ်ကူတွေအားကိုးပြီး တော်လှန်ရေးအင်အားစုတွေအပေါ် တိုက်ခိုက်နေသလို နယ်စပ်အနားမှာ ခိုလှုံနေထိုင်ရတဲ့ စစ်ဘေးရှောင်စခန်းတွေအပေါ်မှာလည်း စစ်ကော်မရှင်တပ်က တိုက်ခိုက်တာတွေ ဆက်လုပ်ဆောင်နေခဲ့တာပါ။

မတ်လ ၁၇ ရက်နေ့မနက်ပိုင်းက ဖလူးဒေသအနီးရှိ စစ်ဘေးရှောင်တွေ ယာယီခိုလှုံရာနေရာတစ်ခုကို စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲဒီယာယီစခန်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေလည်း တခြားဘေးလွတ်ရာဆီ ရှောင်ပြေးနေရပြီလို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးရှိ လူဦးရေထောင်ချီရှိတဲ့ ပလောတပို့စစ်ဘေးရှောင်စခန်းကို စစ်ကော်မရှင်တပ်က ကာမီကာဇယ် အသေခံဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ စခန်းအတွင်းရှိ စစ်ရှောင်အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ပလောတပို့စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေအများစုဟာ DKBA တပ်ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ကျောက်ခက်၊ ဆုံးဆည်မြိုင်အပြင် သေ့ဘောဘိုးကျေးရွာဘက်ဆီ တိမ်းရှောင်ရွှေ့ပြောင်းခဲ့ရပြီး တချို့စစ်ဘေးရှောင်တွေကတော့ သွားစရာနေရာမရှိဘူးလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ဘေးရှောင်စခန်းအပေါ် ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရေးပေါ်ရွှေ့ပြောင်းနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအစာ၊ သောက်ရေသန့် အစရှိတဲ့ အရေးပေါ်လိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်ကူညီပေးနေတဲ့ လေးကေကော်လူငယ်ကွန်ရက်အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.