မြဝတီ၊ မတ် ၁၄

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးလေးရွာအနီးရှိ DKBA ရဲ့ ကျားဖြန့်ဆိုက်မှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀ ကျော် ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖလူးဒေသထဲကို အင်အားထပ်မံပို့ဆောင်ထားပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား အခုရက်ပိုင်းထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ကာ စစ်ကော်မရှင်တပ်က လက်နက်ကြီး ဒရုန်းတွေနဲ့ နေ့စဉ်ပစ်ကူပေးနေသလို လေယာဉ်ဗုံးကြဲမှုလည်း မကြာခဏလုပ်ဆောင်နေခဲ့တာပါ။

ဒီလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် မတ်လ ၁၃ ရက်နေ့ မနက် ၉ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်တပ်ဘက်က ပစ်ကူပေးလိုက်တဲ့ လက်နက်ကြီးတွေဟာ တိုက်ပွဲဖြစ်ပွားရာ ဖလူးလေးရွာအနီးက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်ထားတဲ့ ကျွန်းတောတရုတ်ကျားဖြန့်ဆိုက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်က ဆိုပါတယ်။

ဖလူးလေးရွာအနီးက DKBA ထိန်းချုပ်ထားတဲ့ ကျွန်းတော တရုတ်ကျားဖြန့်ဆိုက်ထဲ လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ရာ ကျားဖြန့်ဝင်းထဲမှာနေထိုင်တဲ့ လူပေါင်း ၂၀ ကျော် သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲမှာ DKBA တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်း ထိုင်းနယ်စပ်တစ်လျှောက်မှာ DKBA ထိန်းချုပ်တဲ့ ကျောက်ခက်ဒေသအပါအဝင် တရုတ်ကျားဖြန့်ဆိုက် အများအပြားကျန်ရှိနေသေးပြီး ကျားဖြန့်လုပ်ငန်းတွေဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းထဲ မြဝတီမြို့မှာ DKBA တပ်ဖွဲ့နဲ့ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့အကြား ပစ်ခတ်မှုတွေရှိခဲ့သလို စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး အချင်းများခဲ့လို့ စစ်ကော်မရှင်တပ်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ DKBA တို့ ပစ်ခတ်မှုဖြစ်ခဲ့ရာ စရဖအရာရှိတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြဝတီမြို့နယ်၊ မဲကနယ်-ဖလူးလမ်းပေါ်မှာ သွားလာနေတဲ့ DKBA တပ်ဖွဲ့ကားတွေကို စစ်ကော်မရှင်တပ်က ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် DKBA တပ်ဖွဲ့ဝင်အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DKBA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.