မော်လမြိုင် ၊ မတ် ၁၄

မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းဟာ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် တစ်ရက်တည်းမှာပဲ တစ်လီတာကို ကျပ် ၅၀၀ ကနေ ကျပ် ၈၀၀ ကျော်အထိ ဈေးပိုနေပြီး ဈေးနှုန်း အတက်ကြမ်းနေတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။

စစ်ကော်မရှင်ရဲ့ သတ်မှတ်ချက်အရ မတ်လ ၁၂ ရက်နေ့က 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာကို ၂၉၅၅ ကျပ်သာရှိရာမှ မတ်လ ၁၃ ရက်နေ့မှာတော့ တစ်လီတာကို ကျပ် ၃၄၇၀ အထိ ဈေးနှုန်းမြင့်တက်သွားတာ ဖြစ်ပါတယ်။

92 အမျိုးအစား ဓာတ်ဆီကလည်း တစ်လီတာကို ၂၈၇၅ ကျပ်ကနေ ကျပ် ၃၃၃၀ အထိ ဈေးနှုန်းမြင့်တက်လာသလို ပရီမီယံ ဒီဇယ်ဆီကလည်း တစ်လီတာကို ၃၄၁၀ ကျပ်ကနေ ၄၂၂၅ ကျပ်အထိ ဈေးနှုန်း ထိုးတက်သွားတာပါ။

ထူးခြားမှုအနေနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်နဲ့ ဘားအံ 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာကို ၃၀၀၀ ဝန်းကျင်နဲ့ 92 အမျိုးအစား ဓာတ်ဆီ တစ်လီတာကို ကျပ် ၃၀၀၀ အောက်မှာသာ ရှိနေတာပါ။

စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးကတော့ မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်း တခြားဒေသတွေထက် ပိုမိုမြင့်တက်နေရတာဟာ မွန်ပြည်နယ်စက်သုံးဆီတင်သွင်းသူတွေကို စစ်ကော်မရှင်က ဒေါ်လာ မရောင်းပေးတာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ မွန်ပြည်နယ်မှာ သွင်းတဲ့ စက်သုံးဆီ တင်သွင်းသူ ကျတော့ အစိုးရက ဒေါ်လာ မရောင်းပေးဘူး။ ကိုယ်ဟာကို ဝယ်ရတာပေါ့လေ။ ဝယ်ရတဲ့ အခါကျတော့ သူတို့က တွက်ချက်တဲ့အခါမှာ အစိုးရက ရောင်းပေးတဲ့ ဒေါ်လာ ဈေးနှုန်းနဲ့ ဒီမှာ ပြင်ပမှာ ရှိနေတဲ့ ဒေါ်လာ ဈေးနှုန်းကလည်း နည်းနည်းတော့ ကွာတာပေါ့လေ။ ကွာတော့ ဆီဈေးနှုန်း သတ်မှတ်တဲ့ အခါလည်း နည်းနည်း ကွာတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ စက်သုံးဆီ ရှားပါးတဲ့ ကာလမှာ တခြား ဒေသတွေ နည်းတူ စက်သုံးဆီ ဈေးနှုန်း အများကြီး ကွာဟမှု မရှိဖို့ အတွက်ဆိုရင် ဒီကာလမှာ စက်သုံးဆီ တင်သွင်းသူတွေကို ဒေါ်လာ ရောင်းချပေးဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကတော့ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီဈေးနှုန်းတွေကို မြှင့်တင်ရောင်းချတာတွေ လုံးဝမလုပ်ဖို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က သတိပေးထားပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာပေမယ့် လိုသလောက် ဝယ်ယူလို့ မရဘဲ ဆိုင်ကယ် တစ်စီးကို ကျပ် ၅၀၀၀ ဖိုး၊ သုံးဘီးနဲ့ အိုးဝေကို ကျပ် ၁၀၀၀၀ ဖိုး၊ အိမ်စီးကားကို ကျပ် ၃၀၀၀၀ ဖိုး၊ ခရီးသည်တင်ယာဉ်၊ Light Truckနဲ့ ကုန်ကားတွေကို ဒီဇယ်ဆီ ကျပ်တစ်သိန်း ဖိုး၊ ပရီမီယံဒီဇယ်ကားတွေကို နံပါတ်အနီဆို ကျပ် ၄၀၀၀၀ ဖိုးနဲ့ နံပါတ်အနက်ဆို ကျပ် ၃၀၀၀၀ ဖိုးသာ ရောင်းချပေးနေတာပါ။

ရောင်းချပေးတဲ့ နေရာမှာလည်း မတ်လ ၇ ရက်နေ့ကစပြီး စုံရက်တွေမှာ စုံနံပါတ် အက္ခရာပါတဲ့ မော်တော်ယာဉ်တွေကိုသာ ရောင်းချပေးသလို မရက်တွေမှာတော့ မနံပါတ် အက္ခရာပါတဲ့ မော်တော်ယာဉ် တွေကိုသာ ရောင်းချပေးပြီး ပုံတွေ၊ ပေပါတွေကိုတော့ လုံးဝ ရောင်းချပေးတာ မရှိဘူးလို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကစတင်ကာ စက်သုံးဆီတွေ လိုသလောက် ဝယ်ယူလို့ မရတော့ဘဲ အကန့်အသတ်နဲ့သာ ရတော့တာ၊ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူရတာ အပြင် စက်သုံးဆီဆိုင် အများစုလည်း မကြာခဏ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.