ဆိုးလ်၊ မတ် ၉

အရှေ့အလယ်ပိုင်းမှာ အီရန်ကို စစ်ပွဲ ဆင်နွှဲနေချိန် အမေရိကန်က တောင်ကိုရီးယားနဲ့ ကြီးမားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို မတ် ၉ ရက်မှာ စတင်လိုက်ပါတယ်။

မတ် ၁၉ ရက်အထိ ပြုလုပ်မယ့် နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေမှာ တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၁၈၀၀၀ အထိ ပါဝင်မှာ ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

တောင်ကိုရီးယားမှာ ပြုလုပ်မယ့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုအတွင်း ပါဝင်မယ့် အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကို တောင်ကိုရီးယားရှိ အမေရိကန် စစ်တပ်က အတည်ပြု ပြောဆိုထားတာ မရှိသေးပါဘူး။

တောင်ကိုရီးယားမှာ ချထားတဲ့ ပိုင်ဆိုင်မှု တချို့ကို အမေရိကန် စစ်တပ်က အီရန် စစ်ပွဲမှာ အသုံးပြုဖို့ ပြောင်းရွှေ့ထားတယ်ဆိုတဲ့ တောင်ကိုရီးယား မီဒီယာတွေရဲ့ ဖော်ပြမှု အပြီးမှာ အခုလို ပူးတွဲ စစ်ရေး လေ့ကျင့်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မိမိတို့ တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုအချို့ကို လုံခြုံရေးဆိုင်ရာ စိုးရိမ်ရတဲ့အတွက် ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားရှိ အမေရိကန် စစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာပြောပါတယ်။

အမေရိကန်က Patriot လေကြောင်းရန်ဒုံးကျည် ကာကွယ်ရေးစနစ်နဲ့ တခြား စစ်လက်တွေကို အီရန် စစ်ပွဲမှာ အသုံးပြုနိုင်ရေး နေရာရွှေ့ပြောင်းထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အရာရှိတွေကလည်း မှတ်ချက် မပေးပါဘူး။

မိမိတို့နှစ်နိုင်ငံရဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေဟာ ကာကွယ်ရေးအတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့ ၂၀၁၉ ခုနှစ်မှာ တွေ့ဆုံပြီး ဆွေးနွေးမှု မအောင်မြင် ဖြစ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်နဲ့ရော တောင်ကိုရီးယားနဲ့ပါ ဆွေးနွေးမှုတွေ အားလုံး ရပ်တန့်ထားခဲ့ပါတယ်။

ယူကရိန်း-ရုရှား စစ်ဖြစ်နေတာကို ကင်ဂျုံအန်က အခွင့်ကောင်းယူပြီး လက်နက်တွေ တိုးမြှင့် ထုတ်လုပ်နေတာကြောင့် ကိုရီးယား ကျွန်းစွယ်မှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

လွတ်လပ်ရေး ဒိုင်းကာလို့ နာမည်ပေးထားတဲ့ နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန်ကြား နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ ပူးတွဲ စစ်ဆင်ရေး နှစ်ခုထဲက တစ်ခု ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.