နယူးယောက် မတ် ၉

အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲ အရှိန်မြင့်တက်လာမှုနဲ့ ဆက်စပ်ပြီး အစုရှယ်ယာဈေးတွေ ကျဆင်းလာပြီး ရေနံဈေး တစ်စည်ကို ဒေါ်လာ ၁၂၀ ကျော်အထိ မြင့်တက်နေချိန် ရေနံဈေးနဲ့ ပတ်သက်လို့ G7 အဖွဲ့ဝင် နိုင်ငံတွေ အရေးပေါ် အစည်းအဝေး ကျင်းပသွားမှာ ဖြစ်ပါတယ်။

ထိပ်သီး စက်မှုထွန်းကားနိုင်ငံများ အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးများ တွေ့ဆုံပြီး အီရန်စစ်ပွဲကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အရေးပါတဲ့ သင်္ဘောလမ်းကြောင်း ဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်းနိုင်မှုနဲ့ပတ်သက်လို့ ရေရှည် အနှောင့်အယှက် ရှိနေမယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ အတူ ကမ္ဘာ့ရေနံဈေးဟာ မတ် ၉ ရက်မှာ တစ်စည်ကို ကန်ဒေါ်လာ ၁၂၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။

ဒီလို အချိန်မှာ အစုရှယ်ယာဈေးတွေ ကျဆင်းလာပြီး ကုန်ပစ္စည်းတွေ ဈေးကြီးလာနေပါတယ်။

G7 အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံတကာ စွမ်းအင်အေဂျင်စီနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ အရန်လောင်စာတွေကို ထုတ်ယူသုံးစွဲရေး ဆွေးနွေးသွားမှာ ဖြစ်ကြောင်း Financial Times သတင်းမှာ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသက စွမ်းအင်ထောက်ပံ့မှု ကြီးကြီးမားမား အနှောင့်အယှက် ဖြစ်နေတာကြောင့် ကမ္ဘာတဝှမ်း သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဈေးနှုန်း မြင့်တက်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

ကမ္ဘာကြီးအတွက် စွမ်းအင်ထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံလောက်ဟာ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းတစ်ပတ်ကျော်က စစ်ပွဲစတင်ပြီးနောက်ပိုင်း အဲဒီ ကျဉ်းမြောင်းတဲ့ ရေလက်ကြား လုံးဝ ပိတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

အီရန်က သေဆုံးသွားတဲ့ ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ နေရာမှာ သူ့ရဲ့ သားဖြစ်သူ မိုဂျ်တာဘာကို အစားထိုးလိုက်ကြောင်း ကြေညာထားပါတယ်။

ခါမေနီရဲ့ သားဟာလည်း သူ့ဖခင်လိုပဲ သဘောထား တင်းမာသူ ဖြစ်တာကြောင့် စစ်ပွဲ ပိုမို ရှည်ကြာလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာခဲ့ပါတယ်။

မတ် ၉ ရက် မနက်ပိုင်းက အာရှမှာ ရေနံစိမ်းဈေးနှုန်း ၂၅ ရာခိုင်နှုန်းကျော် ခုန်တက်သွားပြီး တစ်စည်ကို ကန်ဒေါ်လာ ၁၂၀ နီးပါး ရှိလာခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသရှိ အစုရှယ်ယာတွေကတော့ တန်ဖိုး သိသိသာသာ ကျဆင်းသွားခဲ့ ပါတယ်။

စစ်ပွဲပိုမို ရှည်ကြာလာနိုင်တဲ့ လက္ခဏာတွေ့နေရပြီး ပင်လယ်ကွေ့ နိုင်ငံ တချို့ ရေနံထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီ ဖြစ်တာကြောင့် ကမ္ဘာ့ရေနံဈေး ဆက်လက် မြင့်တက်လာနိုင်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.