နယူးယောက်၊ မတ် ၉

အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အရှိန်မြင့်လာတာကြောင့် ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောလမ်းကြောင်း အနှောင့်အယှက် ဖြစ်မှု ပိုရှည်ကြာလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ ကမ္ဘာရေနံဈေးနှုန်းဟာ ၂၀၂၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ဒေါ်လာ ၁၀၀နဲ့အထက်သို့ ခုန်တက်သွားခဲ့ပါတယ်။

မတ် ၈ ရက်မှာ အီရန်က အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ နိုင်ငံ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ နေရာမှာ သူ့ရဲ့သားဖြစ်သူကို အစားထိုးခန့်အပ်ကြောင်း ကြေညာထားပါတယ်။

ဒီကြေညာချက်အရ အီရန်ကို သဘောထား တင်းမာသူတွေက ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးက ဆက်လက် တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်တွေထဲမှာ ရေနံထုတ်လုပ်မှုနဲ့ ဆက်နွယ်တဲ့ နေရာတွေလည်း ပါဝင်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသရှိ စွမ်းအင်ထောက်ပံ့မှု ကြီးကြီးမားမား အနှောင့်အယှက်တွေရှိနေတာကြောင့် ကမ္ဘာတဝှမ်း စီးပွားရေးလုပ်ငန်းတွေနဲ့ သုံးစွဲသူတွေအတွက် ဈေးနှုန်း မြင့်တက်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

မတ် ၉ ရက် မနက်ပိုင်း အာရှမှာ ရေနံဈေး ၁၈ ရာခိုင်နှုန်းကျော် မြင့်တက်သွားပြီး ၁၀၉ ဒသမ ၂၅ ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။

အီရန် စစ်ပွဲ ကြာရှည်လာတာနဲ့အမျှ ရေနံဈေးနှုန်း မြင့်တက်လာမှာ ဖြစ်ကြောင်း ပညာရှင်တွေက သတိပေးထားပြီးသား ဖြစ်ပါတယ်။

အာရှဈေးကွက်မှာ ရေနံဈေး ပထမဆုံး ၁၀ ရာခိုင်နှုန်း မြင့်တက်ဖို့ ၁၀ မိနစ်ပဲ အချိန်ကြာခဲ့ပြီး နောက်ထပ် ၁၀ ရာခိုင်နှုန်းဟာ နောက်ထပ် ၁၀ မိနစ်အတွင်း မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ကွေ့ဒေသအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် စည်သန်းပေါင်းများစွာ ပိတ်မိနေပြီး ထိုင်း၊ မြန်မာနဲ့ အင်ဒိုနီးရှားတို့မှာ စွမ်းအင်သုံးစွဲမှု လျှော့ချရေး အစီအစဉ်တွေ လုပ်ဆောင်နေကြရပြီ ဖြစ်ပါတယ်။

အီရတ်နဲ့ ပင်လယ်ကွေ့ ဒေသတဝှမ်း စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေ တိုက်ခိုက်ဖျက်ဆီးခံရတာကြောင့် ရေနံဝယ်ယူရရှိနိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိနေပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားမှု မတ်လကုန်ပိုင်းအထိ ကြာမြင့်ခဲ့မယ်ဆိုရင် ကမ္ဘာ့ရေနံဈေးဟာ တစ်စည်ကို ကန်ဒေါ်လာ ၁၅၀ ကျော်အထိ ရောက်ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ဟောကိန်းထုတ်ထားပါတယ်။

ဒီစစ်ပွဲက မြန်မြန်ဆန်ဆန် ပြီးဆုံးမှာ မဟုတ်ဘူးဆိုတာကို လူတွေ တွေးမိလာပြီ ဖြစ်ပါတယ်။ အမေရိကန်က ကတိပေးထားတဲ့ အာမခံချက်တွေနဲ့ ချပြထားတဲ့ ဦးတည်ချက်တွေဟာ လက်တွေ့မဆန်သလို ပိုဖြစ်လာနေပါတယ်လို့ နိုင်ငံတကာ ရေနံဈေးကွက်လေ့လာသူ စီးပွားရေး ပညာရှင် အက်ဒ်နန် မန်ဇာရီက ပြောပါတယ်။

ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်ဆီနဲ့ ဓာတ်မြေသြဇာထုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေလို အရေးကြီးတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။

ပင်လယ်ကွေ့ကနေ တင်ပို့တဲ့ ရေနံတွေကို အာရှက အဓိက သုံးစွဲနေတာ ဖြစ်တဲ့အတွက် အီရန် စစ်ပွဲ ပိုရှည်ကြာလာတာနဲ့အမျှ အာရှ နိုင်ငံတွေအပေါ် သက်ရောက်မှု ပိုများလာ နိုင်ပါတယ်။

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကာလတို ဈေးနှုန်းမြင့်တက်တာဟာ အီရန်ရဲ့ နျူကလီးယား အန္တရာယ်ကို ဖယ်ရှားဖို့ ကြိုးပမ်းတာထက်စာရင် သေးသေးမွှားမွှား ပေးဆပ်ရတာပဲ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.