တီဟီရန်၊ မတ် ၉

အီရန်နိုင်ငံကို အုပ်စိုးထားတဲ့ နိုင်ငံ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးခဲ့ပြီးတဲ့နောက် သူ့ရဲ့ နေရာမှာ သားဖြစ်သူ ပယာတိုလာ မို့ဂျ်တာဘာ ခါမေနီကို မတ် ၈ ရက်မှာ အစားထိုး ခန့်အပ်လိုက်ပါတယ်။

အမေရိကန်က အီရန်ခေါင်းဆောင်သစ် ရွေးချယ်မှုမှာ သူတို့ ပါဝင်မှ ဖြစ်မယ်လို့ ပြောထားပြီး အစ္စရေးကလည်း မို့ဂျ်တာဘာကို မရွေးချယ်ဖို့ ပြောထားချိန်မှာ အီရန်ရဲ့ အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖခင်ဖြစ်သူ အလီခါမေနီ သေဆုံးပြီး အရှေ့အလယ်ပိုင်း ဒေသ စစ်မီးတောက်ပြီး ၉ ရက်အကြာမှာ အီရန် ဘာသာရေး ခေါင်းဆောင်တွေရဲ့ အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုပ်သံက တဆင့် ထုတ်လွှင့်ခဲ့တဲ့ ပညာရှင်များ အစည်းအဝေးမှာ ဖခင်ဖြစ်သူနဲ့ ရုပ်ချင်းအင်မတန် ဆင်တူတဲ့ မို့ဂျ်တာဘာကို နိုင်ငံ့ထိပ်တန်း ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ဖို့ အဖွဲ့ဝင် ၈၈ ဦးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အီရန် အစ္စလာမ်မစ် ပြည်ထောင်စုရဲ့ စနစ်အရ ရွေးချယ်တဲ့ ရှားရှားပါးပါး တတိယ ခေါင်းဆောင် ဖြစ်လာ ါတယ်။

ရာဇဝတ်ကောင် အမေရိကန်နဲ့ ယုတ်မာရိုင်းစိုင်းတဲ့ ဂျူးအစိုးရတို့ရဲ့ ပြင်းထန်လွန်းတဲ့ ရန်လိုကန့်ကွက်မှုတွေ ရှိနေပေမယ့် မိမိတို့ရဲ့ နိုင်ငံ့ ခေါင်းဆောင်အသစ်ကို ရွေးချယ်ရေး အချိန် လုံးဝ ဆိုင်းငံ့ခဲ့တာ မရှိဘူးလို့ အီရန်ကို ကြီးစိုးထားတဲ့ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီရန် အာဏာပိုင်တွေက နိုင်ငံတဝှမ်း ဆန္ဒပြသူတွေကို နှိမ်နှင်းမှုကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီးနောက် သီတင်းပတ်တော်တော်များများအကြာမှာ စစ်ပွဲ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

အီရန် ခေါင်းဆောင် အသစ် ဖြစ်လာတဲ့ မိုဂျ်တာဘာဟာ ဖခင်လိုပဲ အစိုးရ ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းမယ့် သဘောထား တင်းမာသူ ဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မို့ချ်တာဘာကို အီရန် ခေါင်းဆောင်အဖြစ် မရွေးချယ်ဖို့နဲ့ အီရန် ခေါင်းဆောင်သစ် ရွေးချယ်ရာမှာ မိမိတို့ ပါဝင်ရမယ်လို့ ပြောထားပါတယ်။

အီရန် ခေါင်းဆောင်အသစ်အနေနဲ့ မိမိတို့ရဲ့ သဘောတူ ခွင့်ပြုမှု မရှိဘူးဆိုရင် သူ့အနေနဲ့ အရမ်း ကြာကြာ ခံမှာမဟုတ်ဘူးလို့လည်း ထရန့်က ပြောထားပါတယ်။

အစ္စရေးကလည်း အီရန် ခေါင်းဆောင် အသစ် ရွေးချယ်ခဲ့မယ်ဆိုရင် သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ လက်တွန့်နေမှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။

လက်ရှိ ကမ္ဘာ့စံချိန်တင် ရေနံဈေး မြင့်တက်မှုနဲ့ ပတ်သက်လို့ ထရန့်က ဈေးနှုန်း မြင့်တက်မှုဟာ အီရန် အစိုးရရဲ့ နျူကလီးယား အန္တရာယ်ကို ရှင်းလင်းဖို့ ပေးဆပ်ရတာနဲ့ စာရင် သေးသေးမွှားမွှားပဲ ဖြစ်တယ်လို့ ပြောပါတယ်။

အီရန်က အသစ်ရွေးချယ်လိုက်တဲ့ ခေါင်းဆောင် မို့ဂျ်တာဘာဟာ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့နဲ့ ရင်းနီးမှု ရှိသူ ဖြစ်ပြီး အီရန် စစ်အင်အား ပိုမို တောင့်တင်းလာစေလိုသူ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ လက်အောက်မှာ အီရန် အနေနဲ့ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာလိမ့်မယ်လို့ မှန်းဆထားတဲ့ ပညာရှင် နည်းနည်းလေးပဲ ရှိပါတယ်။

အီရန်တော်လှန်ရေး တပ်ကတော့ ဖခင်နဲ့ အဖိုး ဖြစ်သူတို့လောက် အတွေ့အကြုံ မရှိဘဲနဲ့ ခေါင်းဆောင် ဖြစ်လာသူ မို့ဂျ်တာဘာအပေါ် သစ္စာ စောင့်သိပြီး အမိန့် နာခံမယ်လို့ ကြေညာချက် တစ်ရပ်မှာ ကတိပြုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.