ကိုဘေး မတ် ၈

ဂျပန်နိုင်ငံ ကိုဘေးမြို့မှာရှိတဲ့ Mount Rokko ကို တက်ပြီး မြန်မာနိုင်ငံမှာ လေကြောင်း ဗုံးကြဲမှုတွေလို အခြေအနေတွေ ရပ်တန်ု့ဖို့အပါအဝင် ငြိမ်းချမ်းရေးအသံထုတ်လွှင့်နိုင်ဖို့ “Climb For Peace Movement” ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ မတ် ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးကမ်းလက်များ (Hands Of Peace) အဖွဲ့က ဦးဆောင်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုဟာ မြန်မာနိုင်ငံက လက်ရှိကြုံတွေ့နေရတဲ့ အဆုံးမရှိ စစ်ပွဲသံသရာကို အာရုံစိုက်စေဖို့နဲ့ ပြည်သူတွေရဲ့အသံကို နိုင်ငံတကာသို့ ထုတ်ဖော်ပြောဆိုနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အဖွဲ့ဝင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အနိုင်အရှုံးမရှိတဲ့ စစ်ပွဲတွေအတွင်းမှာ ပိတ်မိနေပြီး စစ်ဘေးဒဏ်ကို ဆက်တိုက်ခံစားနေရတယ်လို့လည်း အဖွဲ့ကဆိုပါတယ်။ လက်ရှိအချိန်မှာလည်း စစ်တပ်ဘက်က အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အခုလှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံအတွင်း မြို့ရွာအိုးအိမ်အများအပြား ပျက်စီးခဲ့ရပြီး ပြည်သူ သုံးသန်းကျော်လောက်ဟာ စစ်ဘေးရှောင်အဖြစ် နေရပ်စွန့်ခွာနေကြရတဲ့ အခြေအနေ ရောက်နေပါတယ်။

ဒါကြောင့် ဒီလို ဆိုးရွားလွန်းတဲ့ အခြေအနေတွေကို ရပ်တန့်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အားပေးအသံတွေ ပိုမိုပေါ်ထွက်လာနိုင်ဖို့ Hands Of Peace အဖွဲ့က “Climb For Peace Movement” လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာပြီး ဆွေးနွေးညှိနှိုင်းမှုတွေ စတင်နိုင်ဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြပြောဆိုပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ရပ်တန့်သင့်နေပြီဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့ကဏ္ဍကနေ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ Hands Of Peace အဖွဲ့က ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Hands Of Peace

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.