တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၆
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်ထံက သိရပါတယ်။
တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကတည်းက အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။
စစ်ကော်မရှင်တပ်ဟာ မောတောင်မြို့ ပြန်လည်ရရှိရေးအတွက် အင်အား ၆၀၀ ထက်မနည်း အသုံးပြုထားပြီး နေ့စဉ်နဲ့မျှ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ပေမယ့် အချိန် သုံးလကျော်အထိ မောတောင်မြို့ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
စစ်ကော်မရှင်ဘက်က မောတောင်မြို့ ပြန်လည်ရရှိရေးအတွက် အင်အားအများအပြား အသုံးပြုထားပေမယ့် မြို့ရဲ့ မိုင် ၂၀ ဝန်းကျင်အထိ မကပ်နိုင်သေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြာရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မောတောင်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဟာ လက်ရှိအချိန်ထိ သိန်းခွန်ကျေးရွာနဲ့ သဲဖြူကျေးရွာတဝိုက်မှာ ဆက်ရှိနေပြီး စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ရိက္ခာတွေ ချပေးနေတယ်လို့ ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်အရေးပါတဲ့ မောတောင်မြို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNLA

