နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

သြဇာကြီးတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီဟာ လွှတ်တော် ဥက္ကဋ္ဌရာထူးကို ရယူသွားမှာ ဖြစ်ကြောင်း မကြာသေးခင်က ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းရင်းမြစ် သုံးခုက ပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထား ပါတယ်။

သုံးပိုင်းခွဲပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကိုယ်စားပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေးက အားလုံး ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း မဲအများဆုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရတဲ့ အစိုးရ တစ်ရပ်ကို အာဏာလွှဲပြောင်းပေးမယ်လို့ စစ်ခေါင်းဆောင်တွေက ဆိုထားပေမယ့် ဒီလုပ်ရပ်က အစိုးရ အဖွဲ့ကို စစ်တပ်က လုံးဝ ထိန်းချုပ်နိုင်ရေး အရေးပါတဲ့ ဗျူဟာ တစ်ခု ဖြစ်တယ်လို့ အများက ရှုမြင်ထားကြပါတယ်။

လာမယ့်လ လွှတ်တော် အသစ် ဖွဲ့စည်းပြီးနောက်မှာ မြန်မာ စစ်ခေါင်းဆောင်တွေက တရားဝင် အာဏာ လွှဲပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေး ပါတီကို ၂၀၁၀ ပြည့်နှစ်မှာ စစ်တပ်က တည်ထောင်ခဲ့တာ ဖြစ်တာကြောင့် အကြီးတန်း စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးမှာ အရေးပါတဲ့ ဦးဆောင် အခန်းကဏ္ဍတွေက ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ၊ ရဲချုပ်ဟောင်း ဦးခင်ရီဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာဖို့ တစ်ပြေးနေတယ်လို့ ပါတီ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ဒီရာထူးဟာ သမ္မတ အသစ် ရွေးချယ်ရေး၊ ဥပဒေပြုရေး၊ ဘက်ဂျက် ခွင့်ပြုရေးနဲ့ အဓိက အစိုးရ ရာထူးနေရာတွေကို လက်ခံ အတည်ပြုရေးတို့အတွက် အရေးပါတဲ့ ရာထူးနေရာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုသမ္မတ နှစ်ဦး နေရာမှာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေကိုပဲ ခန့်အပ်မယ့် အလားအလာရှိနေတယ်လို့ သူနဲ့ နီးစပ်တဲ့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ပါတီတွင်းမှာ အကြီးတန်း စစ်တပ် အရာရှိဟောင်းတွေ အများကြီး ရှိနေပြီး အတွေ့အကြုံနဲ့ ရာထူးနေရာတွေ အတွက် စဉ်းစားရာမှာ ဦးခင်ရီ အတွက် အသင့်တော်ဆုံး အမြင့်မားဆုံး ရာထူးကတော့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးပဲ ဖြစ်ဖို့ ရှိတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က လွှတ်တော် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ရရှိထားပြီး ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးတို့လို အဓိကကျတဲ့ ဝန်ကြီးနေရာတွေကို ထိန်းချုပ်ခွင့် ရရှိထားပါတယ်။

ဟန်ပြ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက ရှုတ်ချခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီက အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ အမတ်နေရာ ၈၁ ရာခိုင်နှုန်း အနိုင်ရတာကြောင့် လွှတ်တော်ဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရပ်ဖက်နဲ့ စစ်ဖက် အုပ်ချုပ်ရေး အဖွဲ့တွေကို ကြီးကြပ်ရေး ပြည်ထောင်စု အကြံပေး ကောင်စီကိုလည်း ဖွဲ့စည်းထားပါသေးတယ်။

ဒီယန္တရားက စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ စစ်တပ်အပေါ် ထိန်းချုပ်နိုင်မှုကို မထိခိုက်စေဘဲနဲ့ သမ္မတရာထူး ရယူနိုင်စေဖို့အတွက် ဖြစ်တယ်လို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။

ဒုသမ္မတ နှစ်ဦးရဲ့ ရာထူးနေရာတွေဟာ ပွဲတက်ပွဲထိုင် အနေအထားလောက်ပဲ ဖြစ်ပြီး လွှတ်တော် ဥက္ကဋ္ဌ ရာထူးက ပိုပြီး သြဇာကြီး တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဦးခင်ရီကို ဒုသမ္မတ ရာထူးခန့်အပ်ဖို့ တရားဝင် မဟုတ်တဲ့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် သူက လွှတ်တော် ဥက္ကဋ္ဌရာထူးကို ပိုသဘောကျတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဓိက ရာထူးနေရာတွေ ခန့်ထားမယ့် ကိစ္စဟာ ထိပ်ပိုင်းခေါင်းဆောင်တွေလောက်ပဲ အသေအချာ သိထားတဲ့ လျှို့ဝှက်ကိစ္စ ဖြစ်တယ်လို့လည်း ကြံ့ခိုင်ရေး ပါတီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.