မြဝတီ၊ ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြဝတီမြို့နယ်ထဲကို ဇန်နဝါရီလကုန်ပိုင်းကစလို့ စစ်ကော်မရှင်တပ်က အင်အားဖြည့်ဆည်းလာခဲ့ပြီးနောက် မင်းလက်ပံနဲ့ ဖလူးနယ်မြေဒေသထဲကို ထိုးစစ်ဆင်လာတဲ့အတွက် KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဆက်ဖြစ်နေတာပါ။

ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ မင်းလက်ပံနဲ့ ဖလူးကျေးရွာအနီးဝန်းကျင်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မြဝတီ မေတ္တာလင်းမြိုင် စွယ်တော်ကုန်းနဲ့ လက်ခတ်တောင်ပေါ်ကနေ လက်နက်ကြီးတွေ အလွန်အကျံအသုံးပြုပြီး ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်က သေဆုံးမှုများပြားခဲ့ပြီး မြဝတီမြို့ကနေ တပ်အင်အားတွေ ထပ်မံပို့ဆောင်နေသလို တော်လှန်ရေးအင်အားစုအဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့ ရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ ပိတ်ဆို့ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ဝေါ်လေမြို့နားမှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဝေါ်လေစစ်ဗျူဟာကုန်းမှာ ဖေဖော်ဝါရီလဒုတိယအပတ်က တိုက်ပွဲတွေဖြစ်နေပြီး စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းအထိ လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ ဝေါ်လေဒေသခံက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဝေါ်လေစစ်ဗျူဟာကုန်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစကာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ပိတ်ဆို့ခဲ့ရာ ဗျူဟာစခန်းမဆုံးရှုံးစေရေးအတွက် စစ်ကော်မရှင်တပ် လေကြောင်းနဲ့ အပြင်းအထန်ဗုံးကြဲ ခုခံခဲ့ပြီး စားနပ်ရိက္ခာတွေကိုလည်း လေကြောင်းကနေ ချပေးခဲ့တာဖြစ်ပါတယ်။

ကရင်အရပ်ဖက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KPSN ရဲ့ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က လေယာဉ် ဒရုန်း လက်နက်ကြီးတွေပစ်ခတ်ခဲ့မှုကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁ သန်း ၂ သိန်းကျော်ရှိလာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.