နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းကင်းနဲ့ ပြည်တွင်းအင်အားစုတွေကို အခြေခံပြီး ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ခေတ်မီပြည်သူ့ကာကွယ်‌ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင် သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နေ့ရက်ကို အစွဲပြုပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။

စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူတွေနဲ့ လက်တွဲပြီး လက်နက်ကိုင်သောင်းကျန်း သူတွေရဲ့ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုတွေကို ကာကွယ်သွားမယ်လို့ သူက ဆိုပါတယ်။

ဒါဟာ အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲမှာ ပါဝင်နေကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဆိုလိုတာလို့ နားလည်ရပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ နိုင်ငံကို ပြည်တွင်းစစ် အဆုံးမသတ်သွားအောင် လုပ်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူလူထုရဲ့ အားနဲ့ ခေတ်မီတဲ့ ပြည်သူ့ကာကွယ်ရေးစနစ်ကို ကြိုးပမ်းမယ်လို့ပြောကတည်းကိုက ဒီနိုင်ငံကို ပြည်တွင်းစစ်အဆုံးမသတ်သွားအောင် လုပ်ဆောင်နေတာလို့ မြင်ရတယ်။ဒီလိုမျိုး လုပ်ဆောင်နေခြင်းအားဖြင့် ပြည်သူလူထုအတွက်ကတော့ နေ့စဉ်နဲ့အမျှ ပိုပြီးတော့ အကျပ်အတည်းဖြစ်လာစေတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ အေးချမ်းစွာ နေထိုင်လိုကြတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပဋိပ က္ခတွေ ချုပ်ငြိမ်းတဲ့ ထာဝရငြိမ်းချမ်းရေးကို တောင့်တနေကြပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကျင်းပခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကနေ လိုလားချက်တွေကို ကိုးကားပြီး ပြောပါတယ်။

စစ်တပ်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့နေမှာမို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း အစိုးရ၊ စစ်တပ်နဲ့ တစ်သားတည်းရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက် အမိနိုင်ငံကို စောင့်ရှောက်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ အောင်မြင်စွာ အကောင်အ ထည်ဖော်ဆောင်တဲ့အခါ အစိုးရ၊ စစ်တပ်တို့နဲ့အတူ တိုင်းရင်းသားလူမျိုးတွေအားလုံး လက်တွဲပူးပေါင်းဖို့ သဝဏ်လွှာကနေ တိုက်တွန်းထားတာပါ။

ပြည်သူတစ်ဦးက ပြည်ထောင်စုဆိုတဲ့ အမည်ခံထားတဲ့ နိုင်ငံမှာ အားလုံးကို တစည်းတည်း မစုနိုင်သေးတဲ့ အနေအထားဖြစ်နေတာမို့ ပြည်သူကို ဗဟိုပြုတဲ့ လုံခြုံရေးစနစ် ပေါ်လာဖို့ မလွယ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

“အဓိက ပြည်သူကို စစ်အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ဆိုတာလည်း ပြည်သူကြိုက်တဲ့လူတွေ ပေါ်လာမှ ပြည်သူထောက်ခံတဲ့လူ ပြည်သူကလည်း လေးစားတဲ့ လူတစ်ယောက်က ဦးဆောင်ရင်တော့ အခုနလို စနစ်တစ်ခုတော့ ပေါ်လာနိုင်တာပေါ့နော်။ လက်ရှိအနေအထားအရဆိုရင်တော့ ပြည်‌ထောင်စုကြီးတောင် ပြည်ထောင်မစုနိုင်တဲ့ အနေအထားဖြစ်နေတော့ အဲဒီ ပြည်သူကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေး လုံခြုံရေးစနစ်ပေါ်လာဖို့ဆိုတာတော့ မလွယ်နိုင်သေးဘူးလို့ ထင်တာပဲ”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ဒေသအလိုက် လုံခြုံ‌ရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေ အားလုံး ဝိုင်းကြိုးပမ်းကြဖို့ ရွေးကောက်ပွဲကော်မရှင်အပါအဝင် တိုင်း၊ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံမှုအတွင်း စစ်ခေါင်းဆောင်က ထုတ်ပြောခဲ့ပါသေးတယ်။

ပြည်သူလူထုက တည်ငြိမ်မှုကို အပြည့်အဝခံစားနိုင်ရေး စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူလူထုရဲ့ အင် အားတွေ စုစည်းပြီး တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်သမားတွေအဖြစ် သုံးနှုန်းပြီး နှိမ်နင်းရမယ်လို့ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်အနေနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ ၅၄ ရာခိုင်နှုန်းကျော် ရှိခဲ့တာကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြောပြီးနောက်ပိုင်း လူထုအားကို အသုံးချပြီး တည်ငြိမ်ရေးအတွက် နှစ်ကြိမ်ထက်မနည်း ထုတ်ပြောလာတာ ဖြစ်ပါတယ်။

နိုင်တလနိုင်ကတော့ စစ်တပ်က ပြည်သူတွေရဲ့ ထောက်ခံပူးပေါင်းပါဝင်မှု မရှိတဲ့ အခြေအနေမှာ အတင်းအဓမ္မ လူထုကို ဆွဲသွင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို အချင်းချင်း တိုက်ခိုက်ခိုင်းဖို့ ပုံဖော်နေတာလို့ ထောက်ပြပါတယ်။

တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုလည်း ဒေသတည်ငြိမ်ရေးမှာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုနည်းလမ်းတွေ ပေါင်းစပ်ပြီး နောင်တက်လာမယ့် အစိုးရအတွက် အထောက်အကူပြုစေမယ့် လုပ်ငန်းတွေအားလုံး လုပ်ဆောင်‌ပေးကြဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတာပါ။

တစ်ဘက်မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့မှုကြောင့် အပတ်စဉ် တစ်ခုမှာ အသက်ပြည့်သူ လူငယ် ၅၀၀၀ နှုန်း ခေါ်ယူဖို့ လျာထားခဲ့တဲ့ စစ်တပ်ဟာ အခုအခါမှာ အပတ်စဉ်သင်တန်း ၂၁ အထိ ရောက်ရှိလာခဲ့ပြီး တပ်အင်အား တစ်သိန်းကျော် ရရှိထားတာပါ။

မွန်ဒေသခံတစ်ဦးကတော့ နည်းမျိုးစုံနဲ့ ပြည်သူတွေကို စစ်သင်တန်းထဲ အတင်းသွတ်သွင်းခဲ့တာကြောင့် တိုင်းပြည်အေးချမ်းဖို့ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကလည်း လူထုအနေနဲ့ အဆင်မပြေဘူးလို့ ပြောပါတယ်။

“သူတို့ စစ်မှုထမ်းဥပဒေက အမှန်မှာ ဘယ်ပြည်သူမှလည်း မကြိုက်ဘူးလေ။ဒါပေမယ့် သူတို့က အတင်း ခေါ်သွားတယ်၊ ဘာညာပေါ့၊ တချို့လည်း ပါသွားတယ်။ မွန်ပြည်နယ်ဆို ပိုဆိုး ပိုများတာ‌ ပေါ့။ နောက် နိုင်ငံခြားကနေ ပြန်လာတဲ့သူလည်း ထိုင်းကနေ (မြန်မာနိုင်ငံကို) ပြန်ပို့တဲ့သူတွေကိုလည်း ဖမ်းဆီးပြီးတော့ (စစ်မှုထမ်းထဲ) အတင်းသွင်းတာပေါ့။ ပြည်သူတစ်ယောက်အနေနဲ့ အမှန်မှာ တိုင်းပြည် မအေးမချမ်းဖြစ်ရင်တော့ ပိုပြီး ဒုက္ခရောက်တာပေါ့။ တိုင်းပြည်အေးချမ်းဖို့အတွက် အခု သူသွားတဲ့ (စစ်ခေါင်းဆောင်) လမ်းကြောင်းက သိပ်လည်း မဟုတ်နေဘူးဆိုတော့ ပြည်သူလူထုအနေနဲ့ကျတော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ပဲခူးစုရပ်ကွက်နဲ့ နောင်ဘိုကျေးရွာတို့မှာ တစ်ညတည်း လူငယ် ၃၀ ကျော်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်ဘက်မှာ စစ်တပ်ရဲ့ ကာလုံက အားလုံးရဲ့ အထက်မှာ အာဏာလွှမ်းမိုးမယ့် အတိုင်ပင်ခံကောင်စီဥပဒေကို ပြဌာန်းခဲ့တဲ့အတွက် လွှတ်တော်မှာ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းဖို့ အဆိုပြုခဲ့ရင်တောင် အဲဒီကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတာပါ။

အကြောင်းကတော့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အစိုးရတစ်ရပ်ရဲ့ လုပ်ဆောင်ချက်တွေအပြင် ဥပဒေပြဋ္ဌာန်းရေးဆိုတဲ့ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကိုပါ ကောင်စီက အကြံပေးညှိနှိုင်းတာတွေ လုပ်နိုင်ဖို့ တာဝန်ပေးထားလို့ ဖြစ်ပါတယ်။

စစ်တပ်ရွေးကောက်ပွဲကနေ တင်မြှောက်လာမယ့် နိုင်ငံတော်သမ္မတ ဖြစ်လာမယ့်သူက အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းပေးဖို့ အခွင့်အာဏာအပ်နှင်းခံထားရပြီး ဥက္ကဌအပါအဝင် အတွင်းရေးမှူးနဲ့ ကောင်စီဝင် ၅ ဦးထက်မနည်းကို သတ်မှတ်ပေးရမှာပါ။

ဒီအတွက် ကောင်စီဝင်တွေကို ဘယ်အဖွဲ့အစည်း ဘယ်လိုပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိတဲ့အတွက် နိုင်ငံ့ဝန်ထမ်းဆိုတဲ့ ခေါင်းစဉ်အောက်က စစ်ဗိုလ်ချုပ်တွေနဲ့ ဘယ်သူ့ကိုမဆို ခန့်အပ်နိုင်တဲ့ အနေအထားလို့ လေလာသူတွေက ထောက်ပြထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.