နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၁

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ‌ရေးကောင်စီက စစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ တက်လာမယ့် နိုင်ငံတော်သမ္မတရဲ့ အာဏာစက်ကို အကန့်အသတ်မရှိ ဖြစ်လာစေမယ့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတနေရာမှာ လက်မှတ်ရေးထိုးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယကြိမ် ပြင်ဆင်တဲ့ ဥပဒေအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာပါ။

ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေထဲမှာ ပုဒ်မ ၁၀ ခုထက်မနည်း ပါရှိပြီး အဲဒီထဲက ပုဒ်မခွဲတွေကိုလည်း ဖြည့်စွက်ထားတာ တွေ့ရသလို တချို့ပုဒ်မတွေကို အစားထိုးတာနဲ့ ပယ်ဖျက်ရမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါဟာ ခုံရုံးအဖွဲ့ဝင် ရွေးချယ်တာနဲ့ ခုံရုံးရဲ့ သက်ရောက်မှုတွေကို အဓိကထား ပြင်ဆင်ခဲ့တာဖြစ်လို့ ခုံရုံးရဲ့ ဩဇာအာဏာ ကြီးထွားလာနိုင်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

တစ်ဘက်မှာ နိုင်ငံတော်သမ္မတရဲ့ အာဏာစက် (Presidential Power) ကို အကန့်အသတ်မဲ့ ဖြစ်လာစေပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ် အားကောင်းလာအောင် အသက်သွင်းမယ့် သက်ရောက်မှုလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အရင်ဥပဒေပြဋ္ဌာန်းချက်အရ ခုံရုံးဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တိုင်ပင်ပြီး ရွေးချယ်ရမယ်လို့ ပါရှိပေမယ့် အခုပြင်ဆင်ချက်မှာတော့ သမ္မတတစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်စေခဲ့တာပါ။

လွှတ်တော်ဥက္ကဋ္ဌတွေကို ခုံရုံးအဖွဲ့ဝင်တွေက ပုံမှန်အစီရင်ခံရမယ့် အချက်ကိုလည်း ပယ်ဖျက်လိုက်ပြီး ခုံရုံးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ဖြည့်စွက်ခွင့်၊ ရုပ်သိမ်းခွင့် မရှိအောင်လည်း ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုပြင်ဆင်ချက်မှာ ခုံရုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ သဘောထားတွေကို ခိုင်မာအား ကောင်းမှုရှိအောင် စည်းနှောင်လိုက်ပြီး ခုံရုံးရဲ့ အာဏာကို ပိုမို ကျယ်ပြန့်စေခဲ့တာပါ။

ဒီအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချလိုက်တဲ့အနေနဲ့ ခုံရုံးအပေါ် လွှတ်တော်ရဲ့ အပြန်အလှန်ထိန်းကျောင်းနိုင်မှု (Check and Balance) ကို အားပျော့သွားစေခဲ့တာလို့ ISP-Myanmar က ထောက်ပြပါတယ်။

နောက်ထပ် ပြင်ဆင်ချက်တစ်ခုမှာလည်း ခုံရုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားအသီးသီးဟာ အပြီးအပြတ်အတည်ဖြစ်စေရမယ့်အပြင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကို ဖြစ်စေ သက်ဆိုင်ရာနေရာ အသီးသီးကို ဖြစ်စေ အာဏာသက်ရောက်စေရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတာပါ။

ISP-Myanmar ကတော့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ ထိန်းကျောင်းမှုကနေ ကင်းလွတ်ပြီး လုပ်ပိုင်ခွင့်အာဏာကျယ်ပြန့်လာတဲ့ ခုံရုံးကို သမ္မတက ခြယ်လှယ်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင် ပိုအားကြီးလာအောင် လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ခုံရုံးရဲ့ အာဏာသက်ရောက်မှုကို တိုးမြှင့်တာ၊ လွှတ်တော်နဲ့ ကင်းကွာစေတာ၊ ခုံရုံးဥက္ကဋ္ဌကို သမ္မတက စိတ်ကြိုက်ခန့်အပ်နိုင်တာတွေဟာ စစ်ခေါင်းဆောင်က ဥပဒေပြုရေးမဏ္ဍိုင်မှာပါ သူ့ရဲ့ အာဏာစက်ကို ဖြန့်ကြက်လာမယ့် အခြေအနေနဲ့ ဆက်စပ်တယ်လို့ အကဲဖြတ်ထားတာပါ။

ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးတွေမှာ အကြံပေးညှိနှိုင်းတာတွေ လုပ်နိုင်ဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းပေးရမယ့် ဥပဒေကို ကာလုံက ပြဋ္ဌာန်းခဲ့ပါသေးတယ်။

ဖွဲ့စည်းပုံအရ သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက် ခန့်အပ်တာနဲ့ ဖြုတ်ထုတ်တာတွေ မလုပ်နိုင်သေးတဲ့ စပ်ကြားမှာ အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့နဲ့ သမ္မတကို လုပ်ပိုင်ခွင့်အာဏာတွေ တိုးမြှင့်ဖို့ အတိုင်ပင်ခံကောင်စီဥပဒေ ပြဋ္ဌာန်းတာလို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.