လှိုင်းဘွဲ၊ ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ် မြိုင်ကြီးငူဒေသမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဆောက်အဦ တ ချို့ ထိမှန်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသ ဇီဇဝါမြိုင်ရပ်ကွက်အတွင်းရှိ မြိုင်ကြီးငူဆေးရုံအနီးမှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံ အဆောက်အဦ တချို့နဲ့ ကားတစ်စီး ထိခိုက်ပျက်စီးသွားခဲ့တာပါ။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုအတွင်း ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး လက်နက်ကြီးကို ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသအနီး သံလွင်မြစ်တစ်ဖက်ကမ်း ဖာပွန်ခရိုင် ကမမောင်းမြို့မှာ စစ်ကော်မရှင်တပ် ဗျူဟာစခန်းရှိနေပြီး အဲဒီဗျူဟာစခန်းကနေ စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲ လှမ်းပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်နေတဲ့ဖြစ်စဉ်တွေ အမြဲရှိခဲ့ပါတယ်။
စစ်အုပ်စုထောက်ခံသူတွေဘက်ကတော့ မြိုင်ကြီးငူဒေသထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တဲ့အဖွဲ့ဟာ KNU အဖွဲ့ဖြစ်တယ်လို့ စွပ်စွဲထားပြီး မြိုင်ကြီးငူဒေသတွင်းမှာတော့ စစ်တပ်အပြင် DKBA နယ်ခြားစောင့်တပ် BGF တို့အဖွဲ့လည်း ရှိနေတာပါ။
ဒေသခံတွေရဲ့ ယူဆချက်အရ လက်နက်ကြီး ပစ်ခတ်မှုကို စစ်ကော်မရှင်တပ်ရဲ့ ကမမောင်းဗျူဟာကနေ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း မြိုင်ကြီးငူဒေသထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့သေးရာ ပေါက်ကွဲမှုမရှိတာကြောင့် လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။
မြိုင်ကြီးငူဒေသအတွင်းမှာ စစ်ရေးတိုက်ပွဲတွေ ဖြစ်ပွားတာမရှိပေမယ့် မြိုင်ကြီးငူအနီး ကမမောင်းမြို့အနီးဝန်းကျင်မှာတော့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲမကြာခ ဏ ဖြစ်ပွားတာရှိနေပြီး တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

