ထားဝယ်၊ ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ဟိန္ဒားကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
ထားဝယ်အရှေ့တောဒေသရှိ ဟိန္ဒားကျေးရွာ ဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် ဟိန္ဒာကျေးရွာ ဘုန်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့သလို ရဟန်းတစ်ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

အလားတူ စစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း KNU ဘားအံမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် တစ်လုံးနဲ့ ကား သုံးစီး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

