ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
ဖေဖော်ဝါရီ ၃ ရက်က အာရေဗျပင်လယ်ရှိ အမေရိကန် လေယာဉ်တင် သင်္ဘောဆီသို့ ရုတ်တရက် ချဉ်းကပ်လာတဲ့ အီရန် ဒရုန်း တစ်စီးကို ပစ်ချခဲ့တယ်လို့ အမေရိကန် စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ယူအက်စ်အက်စ် အေဗရာဟမ် လင်ကွန်း လေယာဉ်တင် သင်္ဘောပေါ်ကနေ ပျံတက်သွားတဲ့ အက်ဖ်-၃၅ စီ တိုက်လေယာဉ် တစ်စီးက အဲဒီ ဒရုန်းကို ပစ်ချခဲ့တာ ဖြစ်ကြောင်း၊လေယာဉ်တင်သင်္ဘောနဲ့ သင်္ဘောပေါ်ရှိ အမှုထမ်းတွေကို ကာကွယ်ရေး ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ အီရန် ဒရုန်းကို ပစ်ချခဲ့တာ ဖြစ်ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေး တပ်မ ဗိုလ်ကြီး တင်မ် ဟော်ကင်က ပြောပါတယ်။

အဲဒီ သင်္ဘောဟာ အီရန် ကမ်းရိုးတန်းကနေ မိုင် ၅၀၀ အကွာမှာ ရှိနေချိန် ဒရုန်း ချဉ်းကပ်လာခဲ့တာ ဖြစ်ပြီး ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
အဲဒီ ဖြစ်ရပ်အတွင်း အမေရိကန် စစ်သုံး ပစ္စည်းကိရိယာ တစ်ခုမှ ထိခိုက်မှု မရှိသလို စစ်သားတွေလည်း ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ဒေသတွင်း အမေရိကန်က စစ်အင်အား ဆက်လက် တိုးမြှင့်နေချိန်မှာ အခုလို ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်နဲ့ တီဟီရန်ကြား အပြန်အလှန် ခြိမ်းခြောက်မှုတွေနဲ့အတူ တင်းမာမှုတွေ မြင့်တက်နေပါတယ်။
အီရန် နျူကလီးယား စီးမံကိန်းကို ကန့်သတ်တားမြစ်ရေး သဘောတူညီမှု တစ်ရပ် မရယူဘူးဆိုရင် စစ်ရေးအရ အရေးယူမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပါတယ်။
အရင်ကလည်း အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို အီရန် အာဏာပိုင်တွေ အင်အားသုံး ဖြိုခွင်းချိန်က ကြားဝင် ဖြေရှင်းမယ်လို့ ထရန့်က ပြောဆိုခဲ့တာပါ။
အီရန် ဒရုန်းကို ပစ်ချပြီးနောက်မှာ အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ကယ်ရိုလင်း လစ်ဗစ်က အမေရိကန်နဲ့ အီရန်ကြား ညှိနှိုင်းမှုတွေ အခုသီတင်းပတ်အတွင်း ပြုလုပ်ဖို့ စီစဉ်ထားဆဲပဲလို့ Fox News သတင်းဌာနသို့ ပြောပါတယ်။
ထရန့်က သံတမန်ရေး လမ်းကြောင်းနဲ့ အရင်ဆုံး ကြိုးပမ်းဖို့ အမြဲတမ်း ကတိပြုထားဆဲ ဖြစ်ပေမယ့် ရွေးချယ်စရာ နည်းလမ်းတွေ အများကြီးကို ဆွေးနွေးထားကြောင်း ကယ်ရိုလင်းက ဆိုပါတယ်။
အဲဒီနည်းလမ်းတွေထဲမှာ စစ်အင်အား အသုံးပြုမယ့် နည်းလမ်းလည်း ပါဝင်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက မိမိတို့ နိုင်ငံကို တိုက်ခိုက်ရင် ဒေသဆိုင်ရာ စစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ အရင်က သတိပေးထားပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က ဒရုန်း ပစ်ချခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အီရန်က မှတ်ချက် ပြုထားတာ မရှိပါဘူး။
ဖေဖော်ဝါရီ ၃ ရက်က သီးခြား ဖြစ်ရပ်အတွင်း အီရန် တော်လှန်ရေးအစောင့်တပ်က ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ အမေရိကန်အလံ စိုက်ထူထားတဲ့ အမေရိကန် အမှုထမ်းတွေ လိုက်ပါလာတဲ့ ကုန်တင်သင်္ဘော တစ်စီးကို နှောင့်ယှက် စော်ကားခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
အမေရိကန် စစ်တပ်က ကူညီ ပေးလိုက်တာကြောင့် အဲဒီ သင်္ဘော အန္တရာယ် မကျရောက်ဘဲ ခရီးဆက် နိုင်ခဲ့တယ်လို့ ဗိုလ်ကြီး တင်မ် ဟော်ကင်က ပြောဆိုထားပါတယ်။
Ref:BBC

