ရေဖြူ၊ ဖေဖော်ဝါရီ ၄
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ပုဂေါဇွန်းကျေးရွာ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာပါ။
အဲဒီဒရုန်းဗုံးဟာ ဘုန်းကြီးကျောင်းအနီးက နာရေးအိမ်ဘေး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နာရေးအိမ်မှာ ရှိနေတဲ့ အရပ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒရုန်းဗုံးကျပြီးနောက် စစ်ကော်မရှင်ဘက်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အများအပြား နေရပ်စွန့်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း ရေဖြူမြို့နယ် သာယာမွန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ရော်ဘာခြံလုပ်သား တစ်ဦး ကျည်ထိမှန်သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

