နေပြည်တော်၊ ဖေဖော်ဝါရီ ၄
လာမယ့် မတ်လတတိယပတ်အတွင်း လွှတ်တော် အစည်းအဝေး ခေါ်ယူသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့ တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က အသိပေးပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းနဲ့ အနိုင်ရတဲ့ ကိုယ်စားလှယ် စာရင်းတွေကိုလည်း ထုတ်ပြန်ပေးနေတယ်လို့ ဆိုပါတယ်။
လွှတ်တော် အစည်းအဝေး ခေါ်ယူပြီးပါက အနိုင်ရတဲ့ ပါတီကို နိုင်ငံ့အာဏာ လွှဲပြောင်းပေးသွားမယ်လို့ စစ်ခေါင်းဆောင်က အမြဲလို ပြောဆိုနေတာပါ။
အဲဒီတွေ့ဆုံပွဲမှာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက မြန်မာနိုင်ငံအနေနဲ့ အခက်အခဲတွေအကြားက ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် ရုရှားနိုင်ငံက အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်နဲ့ ရုရှားအထူသံတမန်တို့ တွေ့ဆုံမှုမှာ စီးပွားရေးနဲ့ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ အာကာသနည်းပညာဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ လွှတ်တော် အစည်းအဝေး ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေး တစ်ရက် ကျင်းပထားသလို လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်နေတာပါ။
စစ်အုပ်စု ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီကသာ အပြတ်အသတ် အနိုင်ရရှိထားပြီး လာမယ့် အခင်းအကျင်းဟာ ကြံ့ခိုင်ရေးပါတီနဲ့စစ်တပ်ပူးပေါင်းပြီး အစိုးရသစ် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

