ဘားအံ၊ ဖေဖော်ဝါရီ ၁
အာဏာသိမ်း စစ်တပ်ဟာ အာဏာဆုံးရှုံးမှာကို အလွန်အမင်းစိုးရိမ်နေပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒိုစောကွယ်ထူးဝင်းက အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံရေးပြသနာကို အဖြေရှာဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ စိတ်ဆန္ဒသဘောထားမရှိဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံ့အာဏာကို အကြမ်းဖက်နည်းနဲ့ အတင်းအ ဓမ္မသိမ်းယူခဲ့ပြီး အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းတဲ့ အာဏာရှင်စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီလမ်းစဉ်ကို ဖျက်ဆီးရာရောက်သလို စစ်အာဏာရှင်အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်ငန်းစဉ်တွေကို အသက်သွင်းခြင်းဖြစ်တယ်လို့ ပြောပါတယ်။
စစ်အုပ်စုဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ စိတ်ဆန္ဒသဘောထားလုံးဝမရှိကြောင်း ရှင်းရှင်းလင်းလင်းပြသနေပြီး အာဏာရှင်စစ်အုပ်စုဟာ သူတို့ရဲ့ နိုင်ငံရေးဦးဆောင်မှုအာဏာကို ကာကွယ်ပေးအပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခိုင်မြဲစွာကိုင်စွဲထားတယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံ့အာဏာကို အတင်းအဓမ္မသိမ်းသွားပေမယ့် နိုင်ငံအတွင်းရှိ ဒေသအားလုံးကို မထိန်းချုပ်နိုင်ဘဲ သူတို့ကို နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူလူထုတွေက အဘက်ဘက်က ခုခံတော်လှန်တာကြောင့် စစ်တပ်စိုးမိုးနယ်မြေဟာ ကျဉ်းမြောင်းလာခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာက စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရပ်ဆိုင်းလိုက်တာကြောင့် နိုင်ငံ့စီးပွားရေးဟာ ဆုတ်ရုတ်ကျဆင်းသွားရပြီး စစ်ပွဲပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြည်သူလူထုတွေမှာ မိမိလုံခြုံရေးအတွက် အိုးအိမ်နေရပ်စွန့်ခွာပြီး ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေမှာ သန်းဂဏန်းအထိ ရှိလာခဲ့ပြီလို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့ အာဏာဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝေဟင်စစ်ဆင်ရေး စစ်လေယာဉ် လက်နက်ကြီး စတဲ့ အမြင့်ဆုံးအဆင့်ရှိတဲ့ စစ်လက်နက်တွေကို အသုံးပြုနေတယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

