မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁

နိုင်ငံခြားအစိုးရတွေအနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေး သက်ဆိုးရှည်စေတဲ့ အရာတွေကို ရပ်တန့်စေဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဟန်ချက်ညီ ချမှတ်ဆောင်ရွက်ကြရမယ်လို့ Justic For Myanmar (JFM) က တိုက်တွန်းပါတယ်။

အခုချိန်မှာ စစ်တပ်က အမည်ခံ ရွေးကောက်ပွဲတစ်ရပ်ကို ဖန်တီးပုံဖော်နေပေမယ့် ဒါဟာ အတုအ ယောင်သာဖြစ်ပြီး မြန်မာပြည်သူတွေကို လှည့်စားနိုင်ခြင်းမရှိသလို နိုင်ငံခြားအစိုးရတွေကိုလည်း လှည့်စားလို့ ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံခြားအစိုးရတွေအနေနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေး‌ကောက်ပွဲနဲ့ ရလဒ်တွေကို ငြင်းပယ်ရမှာဖြစ်ပြီး စစ်တပ်ရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီလမ်း ကြောင်းတွေကို ရပ်တန့်ဖို့ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရမှာပါ။

ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စစ်တပ်နဲ့ သူတို့ရဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေ ခရိုနီတွေထံက ရင်းနှီးမြှုပ်နှံငွေကြေးတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ပြန်လည်ရုတ်သိမ်းတဲ့အနေနဲ့ သူတို့ရဲ့ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရမယ်လို့ JFM က ထောက်ပြပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးဟာ သူတို့ရဲ့ မဟာမိတ် အာဏာရှင်အစိုးရတွေ၊ နိုင်ငံတကာကုမ္ပဏီကြီးတွေ၊ နိုင်ငံတကာဘဏ်တွေနဲ့ မြန်မာခရိုနီတွေရဲ့ ထောက်ပံ့မှုနဲ့ ဆက်လက်သက်ဆိုးရှည်နေဆဲ ဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းတွေဟာ စစ်တပ်ကို ငွေကြေး၊ လက်နက်၊ စစ်အသုံးအဆောင်နဲ့ လေ့ကျင့်ရေးတွေ ပံ့ပိုးပေးနေပြီး ကမ္ဘာလုံးဆိုင်ရာ အရေးယူမှု ကင်းမဲ့နေတာဟာ စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ခြင်းတွေကို အားပေးကူညီနေတာပါ။

ဒီလိုမျိုး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေနဲ့ နိုင်ငံအနှံ့ စစ်ဆင်ရေးတွေကတဆင့် လူထုအပေါ် ထိတ်လန့်ကြောက်မက်မှုတွေ ကျူးလွန်နေပေမယ့် အားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ပြည်သူ့တော်လှန်ရေးဟာ အားကောင်းနေဆဲလို့ JFM က ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှုစတင်ပြီး ၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် မြန်မာပြည်သူတွေဟာ ပြောင်မြောက်တဲ့ သတ္တိ စိတ်ပိုင်းဖြတ်မှုနဲ့ စွန့်လွှတ်ပေးဆပ်မှုများစွာနဲ့ ဆက်လက်ကြံ့ကြံ့ခံ တော်လှန်နေကြဆဲ ဖြစ်ပါတယ်။

ခြောက်နှစ်တာကာလကို ဝင်ရောက်လာတဲ့ ခုခံတော်လှန်ရေးအပေါ် ကမ္ဘာကြီးအနေနဲ့ စစ်ရာဇဝတ်ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးကြရမယ်လို့ JFM က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.