ကျိုက်ထို၊ ဖေဖော်ဝါရီ ၁
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ကျောက်ရေတွင်းရွာကို လေကြောင်းကနေ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။
စစ်ကော်မရှင်တပ် ကြဲချသွား ဗုံးသီး နှစ်လုံး ကျောက်ရေတွင်းရွာထိပ်ရှိ ဆီဆိုင်အဟောင်းနေရာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာတာ မရှိဘူးလို့ ဆိုပါတယ်။
အဲဒီနေ့ တစ်ချိန်တည်းမှာပဲ ကျိုက်ထိုအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ ကျောက်ရေတွင်းကျေးရွာထဲကို လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအနီးက ရော်ဘာခြံတွေထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းအတွင်း စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျိုက်ထိုမြို့နယ်က အခိုင်၊ဝင်းကံ၊ခရွဲနဲ့ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ဘီးလင်းမြို့နယ်က အလူးနဲ့ကဇိုင်းကျေးရွာအုပ်စုတို့က ဒေသခံ တစ်သောင်းကျော် စစ်ရှောင်နေရတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

