လောင်းလုံး၊ ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းကြီးကျေးရွာမှာ မဲပေးစက် လာပို့ပြီး ပြည်သူတွေ မဲပေးကြဖို့ စည်းရုံးရေးဆင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ဇန်နဝါရီ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ တော်လှန်ရေးတပ်ဖွဲ့က ကြဲချလိုက်တဲ့ ဒရုန်းဗုံးသီးဟာ စစ်ကော်မရှင်တပ်ဖွဲ့ကို မထိဘဲ အနီးအနားရှိ နေအိမ်တစ်ဆောင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် စခန်းကြီးကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဒေါ်ချိုနဲ့ သမီးဖြစ်သူ မခင်မာအေးအပြင် ဒေါ်မာလာတို့ သုံးဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စခန်းကြီးကျေးရွာအုပ်စုအတွင်းရှိ တောရှည်ကျေးရွာအခြေစိုက် ခလရ ၁၀၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ရှိနေတဲ့ လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား စစ်ရေးတင်းမာနေပြီး စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲကျင်းပဖို့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.