မော်လမြိုင် ၊ ဇန်နဝါရီ ၂၂

ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာပြီးနောက် အရောင်းအဝယ် ရပ်နားထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံရေး အခြေအနေ မငြိမ်သက်မှုတွေကြောင့် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ရွှေတစ်အောင်စကို ဒေါ်လာ ၄၈၇၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာတာပါ။

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ်သိန်း ၁၀၂ သိန်းကျော်အထိ စံချိန်တင် မြင့်တက်လာတဲ့အတွက် ဈေးကွက်အတွင်းမှာ အရောင်းအဝယ် ရပ်နားရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကတော့ ကမ္ဘာ့ရွှေဈေး အတက်ဘက်ကို ဆက်လက်ဦးတည်နေတာကြောင့် ဈေးကွက်ထဲမှာ ရွှေရောင်းရွှေဝယ် မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဈေးကွက်ထဲမှာ ရောင်းတဲ့သူ မရှိဘူး။ လူတွေကလည်း ဆက်တက်မယ်ဆိုပြီးတော့ အကုန်လုံး ကိုင်ထားကြတယ်။ ဆိုင်တွေကလည်း အခေါက် ဝယ်မယ်ဟေ့ဆို မရှိဘူး။ပစ္စည်း ပြတ်နေတယ်လို့ပဲ ပြောကြတာပေါ့။ကမ္ဘာ့ရွှေဈေးက ဆက်ပြီး တက်နိုင်တဲ့ အနေအထားတွေလည်း ရှိနေတယ် ဆိုပြီးတော့ ရောင်းသူ မရှိဘူးပေါ့နော်”လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ ကမ္ဘာ့ရွှေဈေးနှုန်းဟာ ဆက်တက်နိုင်တဲ့ အလားအလာ ရှိနေပြီး ပြည်တွင်း ရွှေဈေးနှုန်း တွေလည်း ထပ်တက်ကာ ကမောက်ကမ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်း စံချိန်တင် အဆမတန် မြင့်တက်လာတဲ့အတွက် စစ်ကော်မရှင်ဘက်က စောင့်ကြည့်တာတွေ ရှိနေပြီး တချို့ လုပ်ငန်းရှင်တွေကိုလည်း ခေါ်ယူ မေးမြန်းတာ ရှိတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ရွှေရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီကတော့ စံချိန်မီရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၆၀ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက ကျပ်သိန်း ၄၀ ကျော် ကွာဟနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.