မိုးမောက်၊ ဇန်နဝါရီ ၂၂

လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာလည်း မဲပုံးမထောင်နိုင်တဲ့ မဲဆန္ဒနယ်တွေ ထပ်တိုးလာတယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

တိုင်းနဲ့ ပြည်နယ် ရှစ်ခုရှိ ၆၃ မြို့နယ်မှာ အပိုင်း ၃ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြေညာထားပေမယ့် ကချင်ပြည်နယ်က မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တို့ကို မကျင်းပတဲ့ နယ်မြေတွေအဖြစ် ကြေညာလာတာပါ။

အဲဒီမြို့နယ်နှစ်ခုရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ နယ်နဲ့ ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် FPTP မဲဆန္ဒနယ် ၂ နယ်တို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အချိုးကျကိုယ်စားပြုစနစ် PR ကိုတော့ ချန်လှပ်ထားပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ဦးကွမ်ဆန်းကို မံစီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာထားတာကိုလည်း ပယ်ဖျက်လိုက်တာပါ။

မံစီမြို့နယ်ဟာ အပိုင်း ၃ ရွေးကောက်ပွဲကျမှသာ ပါဝင်မှာဖြစ်ပေမယ့် အဲဒီမြို့နယ်က ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်မှာ ဝင်ပြိုင်သူ တစ်ဦးတည်း ရှိတဲ့အတွက် အနိုင်ရကိုယ်စားလှယ်အဖြစ် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂ ရက်နေ့မှာ ကြိုတင်ကြေညာခဲ့ပြီး အခုချိန်မှာ မကျင်းပနိုင်တဲ့ မြို့နယ်ဖြစ်လို့ ပယ်ဖျက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်တပ်ကြား နှစ်ဘက်စစ်ရေးတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၁၁ ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတဲ့ နယ်မြေတွေအဖြစ် ကြေညာထားပါသေးတယ်။

ဒါကြောင့် အပိုင်း ၃ ရွေးကောက်ပွဲမှာ ၆၁ မြို့နယ်သာ ရွေးကောက်ပွဲပြုလုပ်နိုင်မှာဖြစ်ပြီး ဗန်းမော်မြို့နယ်မှာတော့ ကျန်ရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်စုတွေလောက်သာ ကျင်းပနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် နိုင်ငံတဝန်းမှာ မဲပုံးလုံးဝ မထောင်နိုင်တဲ့ မြို့နယ်အနေနဲ့ ၆၇ ခုအထိ ရှိလာပါတယ်။

ပြီးခဲ့တဲ့ အပိုင်း ၁ နဲ့ အပိုင်း ၂ ရွေးကောက်ပွဲအတွင်း ၂၀၂ မြို့နယ်မှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါးမှာ မဲပုံးမထောင်နိုင်ခဲ့သလို ၆၅ မြို့နယ်ကိုလည်း ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အရင်ကတည်းက ဝန်ခံထားတာပါ။

နိုင်ငံတော်သမ္မတဖြစ်ဖို့ အာသီသရှိတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ မတ်လအတွင်း လွှတ်တော်ခေါ်ယူပြီး အနိုင်ရရှိတဲ့ အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်တွေအတိုင်း နိုင်ငံ့တာဝန်တွေကို လွှဲပြောင်းပေးမယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.