မော်လမြိုင် ၊ ဇန်နဝါရီ ၁၀

ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ ရှိနေတဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေမှာ စစ်ကော်မရှင်ဘက်က လုံခြုံရေးအင်အား အများအပြား အသုံးပြုထားပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကို မွန်ပြည်နယ်ရဲ့ မြို့နယ်တွေ ဖြစ်တဲ့ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမယ့် မြို့နယ်တွေမှာတော့ စစ်ကော်မရှင်ဘက်က လုံခြုံရေး အင်းအား အများအပြား အသုံးပြုပြီး အင်အားပြလှည့်လည်တာ၊ ကင်းပုန်းဝပ်တာ၊ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

ဘီးလင်းမြို့နယ် ဒေသခံတစ်ဦး ကတော့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် နေရာအစုံမှာ အင်အားအများအပြား အသုံးပြုပြီး ပိတ်ဆို့စစ်ဆေးနေတာကြောင့် သွားရေးလာရေး အခက်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘီးလင်းမှာကတော့ ဒီမြို့ဝင် မြို့ထွက်ပေါ့နော်။ နောက်ဘီးလင်းရဲ့ အနောက်ဘက်ခြမ်း ရွာတွေပေါ့။အဲဒီဘက်တွေမှာဆိုရင် ညဘက် ကင်းပုန်းဝပ်တာတွေ ဘာတွေ သူတို့ လုပ်နေတာပေါ့နော်။ နေရာအစုံမှာလည်း အင်းအား ထပ်ဖြည့်ထားတာ ရှိတယ်။ အခုက ဖမ်းတယ် စစ်တယ်။ နေ့ခင်းနေ့လယ် မသင်္ကာတွေ့ရင်လည်း ဖမ်းပြီး ပြန်ရွေးခိုင်းတယ်။ အခုက သွားဖို့လာဖို့တောင် ကြောက်နေရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ နေရာအစုံမှာ အင်အား အလုံးအရင်း အသုံးပြုပြီး လုံခြုံရေး တင်းကျပ်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအတွက် အပြင်ထွက်ဖို့တောင် ကြောက်နေရသလို လူငယ်အများစု အပြင်မထွက်ရဲကြတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ရေးမြို့နယ် ဒေသခံ တစ်ဦးကလည်း စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက် လုံခြုံရေးတွေ အင် အား အများအပြားအသုံးပြုပြီး လှည့်လည်သွားလာနေတာကြောင့် ဘယ်သူမှအပြင် မထွက်ရဲ ကြတော့တဲ့အတွက် မြို့တွင်း ရှင်းလင်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လုံခြုံရေးက တင်းကျပ်တယ်။ နေရာတော်တော်များများမှာ လုံခြုံရေးအဖွဲ့တွေ ရှိတယ်။ လမ်းဆုံလမ်းခွတွေမှာလည်း ရှိတယ်။ ပြီးရင် တောက်လျှောက် ပတ်နေတယ်။ ပတ်ကင်းလည်း ရှိတယ်။ ရပ်ကင်းလည်း ရှိတယ်။ အဓိကက ဈေးမရောင်းရဘူးပေါ့၊ နယ်က လူတွေက မတက်လာတော့ မြို့ပေါ်က အဓိက ဈေးရောင်းတဲ့ လူတွေပေါ့။ ဈေးရောင်းတဲ့ သူတွေက ဈေးဦး မပေါက်တဲ့သူတောင် ရှိတယ်လို့ ကြားတယ်။ မြို့ရှင်းသွားတာပေါ့။ အဲဒီလိုမျိုး ရှိတယ်”လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဆိုကာ စစ်ကော်မရှင်တပ်တွေ၊ ရဲတပ် ဖွဲ့တွေ၊ ပြည်သူ့စစ် အဖွဲ့တွေအပြင် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့တွေကိုပါ အင်အား အလုံးအရင်း အသုံးပြုပြီး လုံခြုံရေး တင်းကျပ်ထားတာ ဖြစ်ပါတယ်။

အခုလို လုံခြုံရေး အင်းအား အလုံးအရင်း အသုံးပြုပြီး စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေတဲ့ အတွက် ဒေသခံတွေ အနေနဲ့ မထင်မှတ်ဘဲ ဖမ်းဆီးခံရနိုင်သလို နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုကြား ထိခိုက်မှု ဖြစ်မှာကို စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲ အပိုင်း၂ ကျင်းပဖို့ ရှိနေတဲ့ ဘီးလင်းမြို့နယ်နဲ့ ရေးမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း၁ ကို ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရော မြို့နယ်တို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ အများဆုံး အနိုင်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.