ကွာလာလမ်ပူ၊ ဇန်နဝါရီ ၈
စစ်တပ်ရဲ့ ဝယ်ယူမှုဆိုင်ရာစာချုပ်တွေ ပါဝင်နေတဲ့ လာဘ်ပေးလာဘ်ယူမှုကို စုံစမ်းစစ်ဆေးမှုအတွင်း မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အရာရှိတွေက စစ်တပ် အကြီးအကဲဟောင်းနဲ့ တခြား လူ လေးဦးကို ဇန်နဝါရီ ၇ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
စုံစမ်းစစ်ဆေးရာမှာ အထောက်အကူ ဖြစ်စေရေး စစ်တပ် အကြီးအကဲဟောင်းနဲ့ သူ့ရဲ့ ဇနီးသည် နှစ်ယောက်ကို ဖမ်းဆီးထားရေး မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် MACC က ဇန်ဝါရီ ၈ ရက်မှာ တရားရုံး ညွှန်ကြားချက် လျှောက်ထားမှာ ဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။
ဖမ်းဆီးထားသူတွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကော်မရှင်က ဖော်ပြမထားပေမယ့် သူတို့ရဲ့ အရင်က ထွက်ဆိုချက်တွေကို မှတ်တမ်းတင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
နောက်ထပ် စုံစမ်း စစ်ဆေးရေးအတွက် တခြား လူ ၂ ဦးကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။
စစ်တပ် အကြီးအကဲဟောင်း မိုဟာမက် ဟာဖီဇူဒီယန်ဟာ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ ဇန်နဝါရီ ၇ ရက်က MACC ဌာနချုပ်မှာ ထွက်ဆိုချက် မှတ်တမ်း တင်ခံခဲ့ရတယ်လို့ Bernama သတင်းဌာနက ဖော်ပြထားပေမယ့် အတည်ပြုလို့မရသေးကြောင်း ရိုက်တာ သတင်းမှာ ရေးပါတယ်။
လာဘ်ပေးလာဘ်ယူမှုမှာ ပါဝင်နေတယ်ဆိုတဲ့ လုပ်ငန်း တချို့ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ဝင်ရောက် စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် မိုဟာမက် ဟာဖီဇူဒီယန်ကို ဒီဇင်ဘာလက ခွင့်နဲ့ အနားပေးထားခဲ့ပါတယ်။
သံယသရှိသူ တစ်ဦးနဲ့ သူ့ရဲ့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ဘဏ်အကောင့် ၆ ခုကိုလည်း မလေးရှား အရာရှိတွေက သိမ်းဆည်းခဲ့ပါတယ်။
အဲဒီ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်ပြီး MACC က မလေးရှား ရင်းဂစ် ၂ ဒသမ ၄ သန်း(ဒေါ်လာ ၅၉၁၇၁၆) ကိုလည်း သိမ်းယူခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
အမှုနဲ့ ဆက်စပ်နေသူ တစ်ဦးက အဲဒီ ငွေတွေကို တခြား နေရာတစ်ခုဆီ လွှဲပြောင်းဖို့ ကြိုးပမ်းနေချိန်မှာ သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ MACC ကော်မရှင်နာ မင်းကြီး အဇမ် ဘာကီက Bernama သတင်းဌာနသို့ ပြောကြားထားပါတယ်။
Ref:Reuters

