ဘေဂျင်း၊ ဇန်နဝါရီ ၃

ဒရုန်း အသေးစား ၁၀၀ ကျော်အထိ တင်ဆောင်နိုင်တဲ့ ပေါင် ၃၅၀၀၀ အလေးချိန်ရှိတဲ့ ကမ္ဘာပထမဆုံး မောင်းသူမဲ့ မိခင်ယာဉ်ကြီးကို တရုတ်က စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်နေပါတယ်။

ဂျု့ရှန် ဒါမှမဟုတ် တရုတ်ဘာသာစကားနဲ့ ကောင်းကင်ဘုံ ၉ ခုလို့ အဓိပ္ပါယ်ရတဲ့ အင်ဂျင် အကြီးစား သုံးထားတဲ့ အဲဒီ မောင်းသူမဲ့ မိခင်ယာဉ်ကြီးကို တရုတ်က ရှန်းဇီပြည်နယ် ပူချန်းဒေသမှာ ဒီဇင်ဘာ ၁၁ ရက်က ပထမဆုံး စမ်းသပ်ပျံသန်းခဲ့ပါတယ်။

ဒရုန်းတွေ အများကြီး တင်ဆောင်နိုင်တဲ့ မိခင်ယာဉ်ပိုင်ဆိုင်ထားတဲ့ တရုတ်အနေနဲ့ လေကြောင်း တိုက်ခိုက်ရေး စွမ်းရည်တွေ သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်။

အဲဒီ မောင်းသူမဲ့ မိခင်ယာဉ်ကို စစ်ရေးအတွက် အသုံးပြုနိုင်သလို လေးလံတဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့နဲ့ သဘာဝ ဘေးအန္တရာယ်တွေအတွင်း ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံပိုင် တရုတ် လေကြောင်းကော်ပိုရေးရှင်းက အဲဒီ မိခင်ယာဉ်ကို ၂၀၂၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ စူးဟွေ လေကြောင်းပြပွဲမှာ ပထမဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ရဲ့ အဲဒီ မိခင်ယာဉ်ဟာ လေယာဉ်တင်သင်္ဘော တစ်စီးလို ဒရုန်းတွေ အများကြီး တင်ဆောင်နိုင်ပြီး စစ်ဆင်ရေး ပြုလုပ်မယ့် နေရာတွေဆီ စေလွှတ်ပေးနိုင်ပါတယ်။

အဲဒီ မိခင်ယာဉ်ဟာ ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တွေ၊ သင်္ဘောဖျက် ဒုံးကျည်တွေနဲ့ ပဲ့ထိန်းစနစ်ပါတဲ့ ဗုံးတွေ အများကြီး တပ်ဆင်နိုင်ကြောင်းလည်း သိရပါတယ်။

ဒါပေမဲ့ အဲဒီ မောင်းသူမဲ့ ယာဉ်ကြီးရဲ့ အရွယ်အစားကြောင့် ရန်သူတွေ မသိအောင် ဝင်ရောက်နိုင်တဲ့ စွမ်းရည် နည်းပါးကြောင်း လက်နက်ပညာရှင်တွေက ထောက်ပြထားပါတယ်။

တရုတ်က မောင်းသူမဲ့ နည်းပညာ တိုးတက်လာစေဖို့ အရှိန်မြှင့် ကြိုးပမ်းနေပြီး မျိုးဆက်သစ် ကမ်းတက် တိုက်ခိုက်ရေး သင်္ဘောတွေကိုလည်း မိတ်ဆက်ထားပါတယ်။

အဲဒီ မိခင်ယာဉ်ဟာ ၁၅ ကီလိုမီတာ အမြင့်မှာ ကီလိုမီတာ ၇၀၀၀ အကွာအဝေးအထိ ပျံသန်းနိုင်ကြောင်း တရုတ် စစ်တပ်က ပြောပါတယ်။

တရုတ်က သူတို့ရဲ့ စစ်တပ်ကို ခေတ်မီအောင်နဲ့ အမေရိကန်ရဲ့ အင်အားသာလွန်မှုကို ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

တရုတ်က နျူကလီးယား ဒုံးကျည်တွေကို အသင့် ပစ်ခတ်နိုင်အောင် မြေအောင်းကျီတွေထဲမှာ အစင်းရေ ၁၀၀ လောက် ထည့်သွင်း တပ်ဆင်ထားတယ်လို့ အမေရိကန် ထောက်လှမ်းရေးက ပြောထားပါတယ်။

ထိုင်ဝမ် ဒါမှမဟုတ် တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်ကြား စစ်ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနေချိန်မှာ တရုတ်က စစ်အင်အားပိုကောင်းအောင် အရှိန်မြှင့် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တရုတ်က သူတို့ရဲ့ တန်ဖိုးနည်းနည်းနဲ့ ထုတ်လုပ်ထားတဲ့ အသေခံ ဒရုန်းတွေလို လက်နက်တွေနဲ့ ရန်သူရဲ့ တန်ဖိုးကြီးတဲ့ လက်နက်တွေကို ဖျက်ဆီးနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Ref:NewsNation/Japantimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.