ရန်ကုန် ၊ ဇန်နဝါရီ ၁
အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ပိုမိုတည်ငြိမ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ သဘောထားကို CGTN သတင်းထောက်က မေးမြန်းခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ဖြေကြားခဲ့တာပါ။
အဲဒီရွေးကောက်ပွဲမှာ တရုတ်နိုင်ငံက လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ တိုက်ရိုက်လေ့လာကြည့်ရှုခဲ့ကြပြီး မဲပေးမှုဟာ တည်ငြိမ်ချောမွေ့ကာ စနစ်တကျ ဆောင်ရွက်နိုင်ခဲ့တာကြောင့် ရွေးကောက်ပွဲ အောင်မြင်စွာ စတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့် အပိုင်းတွေမှာလည်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပကာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြန်လည်တည်ငြိမ်စေရေး၊ တင်းမာမှုတွေ လျော့နည်းစေရေး၊ နိုင်ငံရေး အခြေအနေတွေ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေးအတွက် အထောက်အကူပြုနိုင်မယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပိုမိုကျယ်ပြန့်ပြီး ပိုမိုတည်ငြိမ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် ကူညီပေးနိုင်မယ်လို့ ယုံကြည်ကာ နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အမြန်ဆုံး ပြန်လည်ရရှိစေဖို့ အထောက်အကူ ဖြစ်စေမယ်လို့ တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်တာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က ရွေးကောက်ပွဲအလွန် အခင်းအကျင်းမှာ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မတူညီတဲ့ အနေအထားရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
“သူတို့ (EAOs တွေ) Informal အလွတ်သဘောအရ စစ်တပ်နဲ့သာ ဆွေးနွေးရင် ဆွေးနွေးလိုက်မယ်။အပစ်ရပ်မယ်။ အုပ်ချုပ်ခွင့်တွေကို လွှတ်တော်ကတဆင့် ကြားခံပြီး တောင်းသွားမယ့် အနေ အထားမျိုးတွေတော့ ဖြစ်နိုင်တယ်။ဒါပေမယ့် တော်လှန်ရေးကိုတော့ သူတို့တွေ (EAOs) သွယ်ဝိုက်တဲ့ နည်းနဲ့ အားပေးနေမယ့် အနေအထားမျိုး ရှိတယ်။အဲဒီတော့ လက်နက်ကိုင်ပြီး တိုက်ခိုက်မယ့် နွေဦးတော်လှန်ရေး ၂၀၂၁ နောက်ပိုင်းမှာ ပေါ်လာတဲ့ တော်လှန်ရေးအင်အားအစုအဖွဲ့တွေကတော့ အကန့်အသတ်နဲ့ တိုက်ခိုက်မှုတွေ ရှိနေဦးမယ်လို့တော့ ကျွန်တော်က မှန်းဆပါတယ်ဗျ”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုအလွန် ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေလည်း ပါဝင်ခဲ့တာပါ။
အဲဒီထဲမှာ နယ်မြေနယ်နိမိတ်အရရော ဆက်ဆံရေးအရပါ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့လည်း နွေဦးတော်လှန်ရေးမှာ PDF တွေနဲ့အတူ ပါဝင်လာခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေအတွင်း စစ်တပ်အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ကျားဖြန့်တိုက်ဖျက်ရေးနဲ့အတူ စစ်တပ်ဘက်က နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးထားရတာပါ။
ဒါပေမယ့် တရုတ်အစိုးရက နယ်စပ်တည်ငြိမ်ရေးအကြောင်းပြချက်နဲ့ မြန်မာ့အရေးကို နောက်ကွယ်ကနေ ဝင်ရောက်စွက်ဖက်ခဲ့မှုကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ကို ဖိအားအမျိုးမျိုးပေးခဲ့ပါတယ်။
ဒါကြောင့် လက်ရှိမှာ အဲဒီလက်နက်ကိုင်နှစ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း PDF တွေနဲ့အတူ တိုက်ခိုက်ထိန်းချုပ်ထားတဲ့ မြို့တချို့ကို စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရပြီး အပစ်ခတ်ရပ်စဲထားကြတာပါ။
ဒီအခြေအနေမှာ နယ်မြေများစွာ ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရွေးကောက်ပွဲအလွန် လွှတ်တော်မှာ နယ်နိမိတ်ခွဲဝေသတ်မှတ်မှုအပေါ် စစ်တပ်ဘက်က လိုက်လျောပေးရင်တော့ တိုက်ပွဲတွေ ငြိမ်သက်သွားနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုပါတယ်။
ဒါပေမယ့် နယ်မြေခွဲဝေသတ်မှတ်မှုမှာလည်း တစ်ဘက်နဲ့တစ်ဘက်ကြား ကန့်သတ်မှုတွေရှိနိုင်တဲ့အတွက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနိုင်သလို တစ်ဘက်မှာ နောက်ကွယ်က တရုတ်အစိုးရရဲ့ အစီအစဉ်ဖြစ်နေတယ်လို့ သူက ထောက်ပြပါတယ်။
စစ်တပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်က ကြားဝင်ညှိနှိုင်းပေးမှုနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ တရုတ်အစိုးရဖိအားကြောင့် နွေဦးတော်လှန်ရေးမှာ တခန်းရပ်ခဲ့ရပါတယ်။
အာရက္ခတပ်တော် AA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP စတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ နွေဦးတော်လှန်ရေးမှာ အခြားလက်လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူ ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-RFA

