ကွန်နာကရီ၊ ဒီဇင်ဘာ ၃၁
ဂီနီယာမှာ နိုင်ငံ့အာဏာ သိမ်းယူထားတဲ့ စစ်ဗိုလ်ချုပ် မမ်မာဒီ ဒိုအမ်ဘော်ယာ သမ္မတရွေးကောက်ပွဲ အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်ရှင် ကြေညာတဲ့ ကနဦး ရလဒ်တွေမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က သူ့ရဲ့ အုပ်ချုပ်မှု တရားဝင် ဖြစ်လာစေဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သူ့ရဲ့ အဓိက ပြိုင်ဖက်တွေကို တားမြစ်ထားတာကြောင့် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဟန်ပြ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အရပ်သားအစိုးရ တင်မြှောက်ခွင့်ရရှိရေး လှုပ်ရှား တောင်းဆိုနေတဲ့ အရပ်ဖက်အဖွဲ့အစည်း တစ်ခုက ပြောကြားပြီး ပြစ်တင်ရှုတ်ချထားပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ရွေးကောက်ပွဲ အပြီးသတ်ရလဒ်ကို ဂီနီယာ ပြည်သူတွေ စောင့်ဆိုင်းနေချိန် TikTok၊ YouTube နဲ့ Facebook တို့လို လူမှုမီဒီယာတွေ သုံးလို့ မရဖြစ်နေခဲ့တယ်လို့ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောပါတယ်။

အဲဒီလို ပိတ်ပင်မှုနဲ့ပတ်သက်လို့ တရားဝင် ထုတ်ပြန် ကြေညာတာ မရှိပေမယ့် အတိုက်အခံတွေကတော့ ဒါဟာ စစ်ခေါင်းဆောင်က ရလဒ်ကို ပြင်းပြင်းထန်ထန် မဝေဖန်အောင် တားမြစ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က ကြေညာခဲ့တဲ့ ကနဦးရလဒ်တွေမှာ ဗိုလ်ချုပ် ဒိုအမ်ဘော်ယာ မဲ ၈၆ ဒသမ ၇၂ ရာခိုင်နှုန်း ရရှိထားကြောင်း ဖော်ပြထားပါတယ်။
ဒါက ဒုတိယအကျော့ ထပ်မံ မယှဉ်ပြိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက်ထက် အများကြီး ပိုလျှံနေတဲ့ အရေအတွက် ဖြစ်ပါတယ်။
ဒီအောင်ပွဲကြောင့် စစ်ခေါင်းဆောင်အနေနဲ့ ဂီနီယာနိုင်ငံကို ၇ နှစ် အုပ်ချုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
အသက် ၈၃ နှစ်အရွယ် သမ္မတ အယ်လ်ဖာ ကွန်ဒေးကို ၂၀၂၁ ခုနှစ်မှာ ဖြုတ်ချပြီးနောက် ဗိုလ်ချုပ် ဒိုအမ်ဘော်ယာက ရွေးကောက်ပွဲ ဝင်မပြိုင်ဘူးလို့ ကတိပေးပြီး အရပ်သား အုပ်ချုပ်ရေးဆီ ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
မိမိတို့ဟာ စစ်သားတွေ ဖြစ်တာကြောင့် ပြောတဲ့ စကားတိုင်းကို တန်ဖိုးထားတယ်လို့ အဲဒီအချိန်က ဗိုလ်ချုပ် ဒိုအမ်ဘော်ယာက ပြောခဲ့ဖူးပါတယ်။
စက်တင်ဘာလက အကောင်အထည်ဖော်ခဲ့တဲ့ ဖွဲ့စည်းပုံအသစ်အရ ရွေးကောက်ပွဲဝင်ခွင့် ရရှိလာပြီးနောက် စစ်ခေါင်းဆောင်က သူ့ကတိကို ချိုးဖောက်ပြီး ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၉ ရက် ရွေးကောက်ပွဲမှာ တခြား ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ပြိုင်ခဲ့ပေမယ့် အဓိက အတိုက်အခံပါတီတွေကို ဖယ်ထုတ်ထားတာကြောင့် နိုင်ငံရေးအရ အားကောင်းတဲ့ ပြိုင်ဖက် မရှိ ဖြစ်နေခဲ့ပါတယ်။
ဂီနီယာ လူငယ်ထုကြား လူကြိုက်များပေမယ့် ဗိုလ်ချုပ် ဒိုအမ်ဘော်ယာဟာ အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေကို တားဆီးသလို ဆန္ဒပြပွဲတွေ မီဒီယာ လွတ်လပ်ခွင့်တွေကို ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက တားမြစ်ခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။
စစ်ဗိုလ်ချုပ်က ဖြုတ်ချထားတဲ့ သမ္မတဟောင်း ကွန်ဒေးကို အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးကို လျစ်လျူရှုမှု၊ စီးပွားရေး စီမံခန့်ခွဲပုံ လွဲမှားမှုတို့နဲ့ စွဲချက် တင်ထားပါတယ်။
ဂီနီယာဟာ ကမ္ဘာပေါ်မှာ ဘော်ဆိုင်း သတ္တုအများဆုံး ရှိတဲ့ နိုင်ငံ ဖြစ်ပြီး သံသတ္တုရိုင်းတွေလည်း ပေါများ ပါတယ်။
ဒါပေမဲ့ ပြည်သူ လူထု ထက်ဝက်လောက်က ဆင်းရဲမွဲတေနေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။
Ref:BBC

