ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃
သမ္မတ ဒေါ်နယ်ထရန့်ရဲ့ကပွဲခန်းမသစ် တည်ဆောက်မယ့် အစီအစဉ်ကို တားဆီးရေးအတွက် သမိုင်းဝင်နေရာတွေ ထိန်းသိမ်းရေး ကူညီပေးဖို့ အမေရိကန်လွှတ်တော်က တာဝန်ပေးထားတဲ့ အမြတ်မယူတဲ့ အဖွဲ့အစည်း တစ်ခုက အိမ်ဖြူတော်ကို တရားစွဲဆိုလိုက်ပါတယ်။
သမိုင်းဝင် အရှေ့ဆောင်ကို အောက်တိုဘာလက ဖြိုဖျက်မှုမတိုင်ခင် အိမ်ဖြူတော်အနေနဲ့ လိုအပ်တဲ့ သုံးသပ်မှုတွေ ပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သမိုင်းဝင်နေရာ ထိန်းသိမ်းရေး အမျိုးသား ယုံကြည်မှုအဖွဲ့က စွပ်စွဲပြီး ဒီဇင်ဘာ ၁၂ ရက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရန့်ဖြစ်ဖြစ် သမ္မတ ဂျိုးဘိုင်ဒန် ဖြစ်ဖြစ် ဘယ်သမ္မတကမှ အိမ်ဖြူတော်ရဲ့ တစ်စိတ်တစ်ပိုင်းကို လေ့လာသုံးသပ်မှု မရှိဘဲနဲ့ ဖြိုချပိုင်ခွင့် မရှိဘူးလို့ အဲဒီ အဖွဲ့က သူတို့ရဲ့ တရားစွဲဆိုမှုများ ဖော်ပြထားပါတယ်။
အဲဒီ စီမံကိန်းဟာ အများကြီး လိုအပ်နေတဲ့ စီမံကိန်း ဖြစ်ပြီး လက်ရာမြောက် တိုးချဲ့ ဆောက်လုပ်မယ့် အစီအစဉ် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အိမ်ဖြူတော်က အဲဒီ စီမံကိန်းအတွက် ဥပဒေရေးရာ ကိစ္စရပ်တွေ မဆောင်ရွက်ခင် ဆောက်လုပ်နေမှုကို တားဆီးပေးရေး ဝါရှင်တန်ဒီစီရှိ ဖက်ဒရယ် တရားရုံးမှာ အခု အဖွဲ့အစည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အဲဒီ ကပွဲခန်းမ အဆောက်အဦဟာ မိမိတို့နိုင်ငံမှာ အမှတ်ရစရာ အကောင်းဆုံး အဆောက်အဦ ဖြစ်လာမှာ ဖြစ်ပြီး အမေရိကန်တို့ရဲ့ အားကောင်းတဲ့ အိုင်ဒီယာတွေကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ သင်္ကေတ ဖြစ်လာမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က စောဒက တက်ထားပါတယ်။
သမိုင်းဝင် အဆောက်အဦ တစ်ခုကို ဖြိုချပြီး အသစ်ဆောက်လုပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း မိမိတို့ရဲ့အသိပေးမှုကို အိမ်ဖြူတော်က လျစ်လျူရှုခဲ့ပြီးနောက် အခုလို တရားစွဲဆိုရတာ ဖြစ်တယ်လို့ သမိုင်းဝင် နေရာ ထိန်းသိမ်းရေး အမျိုးသား ယုံကြည်မှုအဖွဲ့ ဥက္ကဋ္ဌ ကာရိုးလ် ကွီလန်က ဆိုပါတယ်။
ကပွဲခန်းမ အဆောက်အဦ စတင်ဆောက်လုပ်ချိန်မှာလည်း အိမ်ဖြူတော်ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ခဲ့တာ မရှိသလို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ချင့်ချိန် တွက်ဆမှုတွေ၊ လွှတ်တော်ဆီက ခွင့်ပြုချက် တောင်းခံမှုတွေ မလုပ်ခဲ့ဘူးလို့ ကာရိုးလ် ကွီလန်က ပြောပါတယ်။
အမေရိကန်ပိုင် အဆောက်အဦ အားလုံးနဲ့ပတ်သက်လို့ ဖြိုချခွင့်၊ ပြင်ဆင် ဆောက်လုပ်ခွင့်နဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ယူရမယ်လို့ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတာကြောင့် ထရန့်ဟာ အဲဒီ စီမံကိန်းနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံကို ချိုးဖောက်ရာကျတယ်လို့လည်း သူက ဆက်လက် ပြောပါတယ်။
အဲဒီ တရားစွဲဆိုမှုကို တုံ့ပြန်ရာမှာ အိမ်ဖြူတော်က သမ္မတ ထရန့်အနေနဲ့ အိမ်ဖြူတော် ခေတ်မီလှပ ဆန်းသစ်စေဖို့ တရားဝင် လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝ ရှိကြောင်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလက အိမ်ဖြူတော်ရဲ့ အရှေ့ဖက် အဆောင်ကို ဖြိုချခဲ့တာကြောင့် ထရန့်အတွက် ဒေါ်လာ ဘီလီယံများစွာ ကုန်ကျမယ့် ကပွဲခန်းမ တည်ဆောက်ဖို့ လမ်းပွင့်သွားခဲ့ပြီး ကုန်ကျစရိတ်အတွက် ပုဂ္ဂလိကက ရန်ပုံငွေ ထည့်ဝင်ပေးမှာ ဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။
အဲဒီ နောက်ပိုင်း ကပွဲခန်းမ တည်ဆောက်မယ့် ယာတား အဆောက်အဦ ပုံစံကို လူ ၅၀၀ ဆန့် အကျယ်အဝန်းကနေ ဧည့်သည် ၁၃၅၀ အထိဆန့်မယ့် အကျယ်အဝန်းအထိ တိုးချဲ့ ရေးဆွဲထားခဲ့ပါတယ်။
အဲဒီ ကပွဲခန်းမ မဆောက်လုပ်ခင် အမျိုးသား မြို့တော်စီမံကိန်း ကော်မရှင်က စစ်ဆေးသွားမယ်လို့ အိမ်ဖြူတော်က ပြောဆိုခဲ့ပေမယ့် စစ်ဆေးမှု မတိုင်ခင် ဆောက်လုပ်ရေး စတင်နေပြီ ဖြစ်ကြောင်း တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
ကပွဲခန်းမ အရွယ်အစားနဲ့ ပတ်သက်လို့ အရင်က ငှားထားတဲ့ ဗိသုကာ ပညာရှင်နဲ့ ထရန့်ရဲ့ အရာရှိတွေကြား အငြင်းပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိမ်ဖြူတော်က ဗိသုကာပညာရှင် အသစ်တွေ အစားထိုးထားခဲ့ပါတယ်။
Ref:BBC

