မြဝတီ၊ ဒီဇင်ဘာ ၆

ကရင်ပြည်နယ် မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေရှိရာ မင်းလက်ပံရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်းလက်ပံရွာကို သိမ်းယူနိုင်ရေးအတွက် စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၂၁ ရက်နေ့ကစလို့ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တဲ့အတွက် KNLA တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

မင်းလက်ပံတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာထဲကို မကြာခဏ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့ နေ့လည်ပိုင်းကလည်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာက ထိုင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ၅ လုံး ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာထဲက မြန်မာစစ်ရှောင်တွေနေထိုင်တဲ့ အဆောက်အဦးတန်းလျားတစ်ခုအပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး ၂ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တာပါ။

မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို မကြာခဏ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိုင်းက မဲဆောက်မြို့နယ် မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းပေါ်က နယ်စပ်ဂိတ်တွေကို တစ်ပတ်ကြာပိတ်ထားမယ်လို့ ထုတ်ပြန်ကြေညာထားသလို တိုက်ပွဲကြောင့် နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားကြောင်း ထိုင်းက ဆိုထားပါတယ်။

တဖက်မှာလည်း KNU က DKBA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မင်းလက်ပံရွာက အွန်လိုင်ငွေလိမ်မှု(ကျားဖြန့်)ခြံဝင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန့်အရေး ကိုင်တွယ်လုပ်ဆောင်နေရတဲ့အချိန် စစ်ကော်မရှင်တပ်က မင်းလက်ပံကို သိမ်းယူနိုင်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပေမယ့် ထိခိုက်မှုများပြားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

မြဝတီတောင်ဘက် မင်းလက်ပံနယ်မြေထဲကို စစ်ကော်မရှင်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်လာပြီး အွန်လိုင်းငွေလိမ် Scam ခြံဝင်းနဲ့ အနီးအနားနေရာတွေကို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ KNU ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.