မော်လမြိုင် ၊ ဒီဇင်ဘာ ၆
စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဖိအားပေး ခြိမ်းခြောက်မှုတွေ မရှိတော့ဘဲ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒအတိုင်း ခွင့်ပြုမယ်ဆိုရင် မဲပေးမယ့်သူ ရာခိုင်နှုန်းနည်းမယ်လို့ Data for Myanmar က သုံးသပ်ပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့က ၂၀၂၅ ရွေးကောက်ပွဲအကြိုကာလ အခြေအနေသုံးသပ်ချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းရတဲ့ အကြောင်းတရားတွေကိုလည်း ထည့်သွင်းဖော်ပြထားတာပါ။
ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း အပိုင်းသုံးပိုင်းနဲ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လူထုစိတ်ဝင်စားမှုနည်းတာနဲ့ မဲပေးမယ့်သူ နည်းမှာကို နိုင်ငံရေးပါတီတွေအနေနဲ့ စိန်ခေါ်မှုအဖြစ် ကြုံတွေ့နေရပါတယ်။
စစ်ကော်မရှင်ကလည်း နိုင်ငံသားတိုင်း မဲပေးဖို့ တာဝန်ရှိတာ နိုင်ငံသားတိုင်း အခွင့်အရေးမဆုံးရှုံးဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ စတာတွေကို နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယို အပါအဝင် လူမှုကွန်ရက်တွေမှာ နှိုးဆော်နေတာပါ။
နိုင်ငံရေးပါတီတွေကလည်း မဲမပေးရင် ကိုယ်မလိုချင်တဲ့ ပါတီနိုင်သွားမယ်။ရွေးကောက်ခံကိုယ် စားလှယ်ဖြစ်မှ ပြည်သူတွေရဲ့ အသံကို ထုတ်ဖော်တင်ပြနိုင်မယ်လို့ ထောက်ပြကြောင်း Data for Myanmar ရဲ့ အစီအရင်ခံစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ မဲပေးသူ ရာခိုင်နှုန်း အနည်းဆုံး ဘယ်လောက်ရှိမှ ရွေးကောက်ပွဲ အထမြောက်တယ်ဆိုတာ မပါရှိပါဘူး။ ဒါပေမယ့် မဲပေးသူ ရာခိုင်နှုန်းများလာဖို့ လူထုကို ဆွဲဆောင်စည်းရုံးတဲ့ နည်းထက် ဖိအားပေးတဲ့ နည်းတွေကိုပဲ မြေပြင်က အုပ်ချုပ်ရေးအဖွဲ့အစည်းတချို့က အသုံးပြုလာတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
မွန်ဒေသခံတစ်ဦးက ခြိမ်းခြောက်မှုတွေ ရှိလာရင် ကြောက်စိတ်လွှမ်းမိုးမှုက လူတိုင်းအပေါ် သက်ရောက်နိုင်တဲ့အတွက် ပါတီတစ်ခုခုကိုတော့ မဲထည့်ရမယ့်အတွေး ရှိလာမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူတွေကတော့ ခြိမ်းခြောက်လာတဲ့အပေါ်မှာ ကြောက်စိတ်လွှမ်းမိုးမှုက အခုချိန်မှာ လူတိုင်း လူတိုင်းက ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့အခါကျတော့ သွားကြမှာပဲ။ ပုံစံတခုတော့ ဖြစ်လာမှာပါ၊ ငါတို့ ပြည်ခိုင်ဖြိုးကို မပေးဘူး။ တခြားပါတီတစ်ခုခုကို ပေးရမယ်ဆိုတဲ့ အတွေးဝင်ပြီး ပေးလိုက်ရင်တော့လည်း ပုံစံတစ်မျိုး ပြောင်းကောင်းပြောင်းနိုင်တယ်။ဒါပေမယ့် ဘယ်လိုပဲပြောင်းပြောင်း သူတို့ပဲ (ပြည်ခိုင်ဖြိုးပါတီ) နိုင်မှာပါ”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကျင်းပချိန်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ အားလုံး ဆန္ဒမဲပေးကြစေလိုကြောင်း နဲ့ နိုင်ငံတော်အနေနဲ့ ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးထားပြီး မဲပေးခြင်း မပေးခြင်းဟာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒပဲလို့ ထုတ်ပြောထားတာပါ။
ဒါပေမယ့် မြေပြင်မှာတော့ မဲစာရင်းကပ်ထားမှုအပေါ် ပြည်သူတွေ ကြည့်ရှုစစ်ဆေးဖို့ မရှိသလောက် နည်းပါးနေတာကို စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မဲစာရင်းမကြည့်ရင် အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေပြန်ပါတယ်။
Data for Myanmar ကတော့ မဲပေးသူ ရာခိုင်နှုန်းနည်းခဲ့ရင် ပုံသေမဲပေးသူ အရေအတွက်များတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အသာစီးရနိုင်ပြီး တကယ်လို့ မဲပေးသူ ရာခိုင်နှုန်းများရင်တော့ အခြားပါတီတွေလည်း အနိုင်ရနိုင်ခြေ ပိုများလာမယ်လို့ သုံးသပ်ထားတာပါ။
ဒါ့အပြင် ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု နည်းရတဲ့အကြောင်းရင်းတွေထဲမှာ လူမှုစီးပွားအပါအဝင် လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်မီး၊လုံခြုံရေးနဲ့ စစ်မှုထမ်းဂယက်ကြောင့် လူငယ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဒုက္ခရောက်ကြရတယ်လို့ ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ မျှော်လင့်ချက်မဲ့မှုတွေကလည်း ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်တဲ့ အချက်တစ်ချက် ဖြစ်နေတယ်လို့ ဆိုပါတယ်။စစ်တပ်အနေနဲ့ သူတို့ လိုချင်တဲ့ ရလဒ်မရရင် အာဏာသိမ်းတယ်ဆိုတဲ့ အဆိုးသံသရာထဲမှာ လည်နေကြောင်း ပြည်သူတွေက ရှုမြင်ကြတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ တော်လှန်ရေးအင်အားစုတွေကလည်း အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားပြီး စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲဖြစ်လို့ ပူးပေါင်းပါဝင်သူတွေကို အရေးယူမယ်လို့ ထုတ်ဖော်ပြောဆိုထားကြတာပါ။
နောက်ထပ် မွန်ဒေသခံတစ်ဦးကလည်း ဘက်နှစ်ဘက်ကြားမှာ စိုးရိမ်မှုတွေ ဖြစ်နေတဲ့အတွက် မဲပေးဖို့ မပေးဖို့ လွန်ဆွဲနေတဲ့ အခြေအနေမှာ ပြည်သူတွေ ပါးပါးနပ်နပ် ဖြစ်ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဟိုဘက်ကလည်း တမျိုး ဒီဘက်ကလည်း တမျိုးဆိုတော့ အကုန်လုံးက ကြားထဲမှာ စိုးရိမ်မှုတွေ ဖြစ်နေတယ်။ အဲဒီတော့ တစ်ဘက်ဘက်ကနေပြီးတော့ ပြည်သူတွေဘက်ကို ကြည့်ပြီးတော့ တစ်ခုခုများ စီစဉ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေက အဆင်ပြေလောက်တယ်။ အခုဟာက နှစ်ခုလုံးက လွန်ဆွဲနေတာပေါ့၊ သူလည်း မလုပ်နဲ့ ဟိုကလည်း လုပ်မယ်ပေါ့။ကြားထဲက ပြည်သူတွေကလည်း မလုပ်ပြန်ရင်လည်း အပြစ်ဖြစ်မယ်။ လုပ်ပြန်ရင်လည်း တစ်ဘက်က အန္တရာယ်ရှိတယ်။ အဲဒီတော့ ပြည်သူတွေက ပါးပါးနပ်နပ်လေးနဲ့ ကိုယ်အဆင်ပြေသလို အကောင်းဆုံးဖြစ်အောင် နေထိုင်ဖို့ပဲ အကြံပြုချင်ပါတယ်”လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကိုတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အပိုင်း ၁ အဖြစ် ၁၀၂ မြို့နယ်၊ အပိုင်း ၂ အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ နဲ့ မကျင်းပနိုင်တဲ့ မြို့နယ်တွေကလွဲရင် ကျန်မြို့နယ်တွေကိုတော့ အပိုင်း ၃ အဖြစ် ကျင်းပသွားမယ်လို့ စစ်ကော်မရှင်က ကြေညာထားတာပါ။
အဲဒီရွေးကောက်ပွဲမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုနှစ်ခုကတော့ လုံခြုံရေးစိုးရိမ်ရလို့ မကျင်းပနိုင်တာနဲ့ ကျင်းပလို့ ရတဲ့ နေရာတွေမှာ မဲလာပေးတဲ့သူ နည်းတာပဲ ဖြစ်ပါတယ်။ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်လို့ Data For Myanmar က ထောက်ပြပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ သံပိတ်အင်အားစုတွေကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြလုပ်မယ့် အပြင်မထွက်၊ အသံတိတ်သပိတ် လှုပ်ရှားမှုမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားတာပါ။
လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်း ကြားအောင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အထမြောက်သွားခဲ့သည်တိုင်အောင် ဓားထောက်ပြီး မင်းမြှောက်ခိုင်းခဲ့တာ ဖြစ်ကြောင်း သိရှိဖို့ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

