ခတ္တမန္ဒူ ၊ နိုဝင်ဘာ ၂၄
စက်တင်ဘာလက လူထုအုံကြွမှုအတွင်း အစိုးရဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း နီပေါနိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးမယ့် လူအသစ် ထောင်ပေါင်းများစွာ မှတ်ပုံတင်ထားကြောင်း ရွေးကောက်ပွဲ အရာရှိတွေက နိုဝင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
ပထမဆုံးအကြိမ် မဲပေးသူ အမည်ပေါင်း ၈၃၇၀၉၄ မှတ်ပုံတင်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ နာယာရန် ပရာဆတ် ဘာတာရီက ပြောပါတယ်။

မတ် ၅ ရက် လွှတ်တော်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေး တည်ထောင်ထားပြီးသား ပါတီ ၁၂၃ ခု မှတ်ပုံတင်ထားပြီး နောက်ထပ် ကိုယ်စားလှယ်အသစ် ၄၀ ကတော့ ဝင်ပြိုင်ခွင့် ရရှိရေး နောက်ထပ် အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောခွင့်ရ ဘာတာရီက ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ပါဝင်ဖို့ စိတ်ဝင်စားသူ အရေအတွက် ပိုများလာပြီး အထူးသဖြင့် စီးပွားရေးခက်ခဲမှုနဲ့ အစိုးရ အကျင့်ပျက်ခြစားမှုကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေက သူတို့ရဲ့ တောင်းဆိုမှုတွေ အမှန်တကယ် အဓိပ္ပါယ်ရှိရှိ ပြောင်းလဲလာစေရေး အရေးပါတဲ့ စမ်းသပ်မှုအဖြစ် ရွေးကောက်ပွဲကို ရှုမြင်ထားကြပါတယ်။

လူထုအုံကြွမှုကြောင့် ရွေးကောက်ပွဲကို စိတ်ပါဝင်စားသူ ပိုများလာပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက မဲပေးဖို့ စာရင်းပေးထားသူတွေလည်း ရှိနေပါတယ်။
လူငယ်တွေကြား အမှန်တကယ် အပြောင်းအလဲ ဖြစ်လာဖို့ မျှော်လင့်ထားသူတွေ များပြားနေပြီး ပထမဆုံးအကြိမ် မဲပေးမယ့် လူ ၈ သိန်းကျော်အထိ ရှိလာပါတယ်။
လူမှုမီဒီယာကို ယာယီတားမြစ်မှုကြောင့် ဆန္ဒပြပွဲတွေ စတင်ခဲ့တာ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာပဲ အကျင့်ပျက်ခြားစားမှု ဆန့်ကျင်ရေး နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေအဖြစ် ပြောင်းလဲသွားခဲ့ ပါတယ်။
အဲဒီ ဆန္ဒပြပွဲတွေအတွင်း လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး တရားရုံးတွေ၊ အစိုးရရုံးတွေနဲ့ လွှတ်တော်တို့ မီးရှို့ခံခဲ့ရပါတယ်။
ရဲတပ်ဖွဲ့က အဲဒီ ကာလအတွင်း လူ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တချို့မြို့တွေမှာ နေဝင်မီးငြိမ်း စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။
သက်တမ်းလေးကြိမ် ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် ကေပီ ရှာမာ အိုလီ ထုတ်ပယ်ခံရပြီး တရားရေး အကြီးအကဲဟောင်း ဆူရှီလာ ကာကီကို ရွေးကောက်ပွဲမတိုင်ခင်အထိ ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားပါတယ်။
နှစ်များစွာကြာ စီးပွားရေး အဆင်မပြေဖြစ်မှုနဲ့ ရှည်ကြာနေတဲ့ အကျင့်ပျက်ခြစားမှုတို့ကြောင့် လူဦးရေ သန်း ၃၀ ရှိတဲ့ ဟိမဝန္တာနိုင်ငံ နီပေါမှာ လူထု အုံကြွမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် မဲပေးဖို့ မှတ်ပုံတင်ထားတဲ့ လူငယ်တွေက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ပြီး ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်ဆောင်ပေးနိုင်မယ့် မျက်နှာသစ် နိုင်ငံရေးသမားတွေ ထွက်ပေါ်လာစေဖို့ မျှော်လင့်နေကြပါတယ်။
လူထုအုံကြွမှုကြောင့် နဂိုကမှ အခြေမခိုင်တဲ့ နီပေါ စီးပွားရေး ထပ်မံ ထိခိုက်ခဲ့ရပြီး နိုင်ငံရေးနဲ့ စီးပွားရေး မသေချာမရေရာမှုများကြောင့် နိုင်ငံ့စီးပွားရေး ၂ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
နီပေါ လုပ်သားအင်အားရဲ့ ၈၂ ရာခိုင်နှုန်းဟာ တရားဝင် မဟုတ်တဲ့ အလုပ်အကိုင်တွေမှာ ဝင်ရောက် လုပ်ကိုင်နေရပြီး ၂၀၂၄ ခုနှစ်မှာ လူတစ်ဦးရဲ့ ပြည်တွင်းထုတ်ကုန် တန်ဖိုး ၁၄၄၇ ဒေါ်လာရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
Ref:AFP

